ကိုပါဒယ်ရေးကွာတားဖိုင်နယ်သို့ ဘာစီလိုနာ တက်ရောက်လာ
==================
လက်ရှိ ချန်ပီယံ ဘာစီလိုနာဟာ ရေးဆင်းကို အနိုင်ယူပြီး ကိုပါဒယ်ရေးကွာတားဖိုင်နယ်သို့ တက်ရောက်လာပါတယ်။
ရီးရဲလ်မက်ဒရစ်ကတော့ ဗုဒ္ဓဟူးနေ့တုန်းက အလွန်ဆိုထုတ်ပယ်ခြင်းခံရပြီးနောက် နည်းပြသစ်အာဘီလိုအာရဲ့ ပထမဆုံးပွဲတွင် ဒုတိယတန်းကလပ် အယ်ဘာစီတီကို ၃-၂ ဖြင့် ရှုံးနိမ့်ကာ ကိုပါဒယ်ရေးမှ ထွက်ခွာခဲ့ရပြီး ဖြစ်ပါတယ်။
လာလီဂါချန်ပီယံဘာစီလိုနာဟာလည်း ဒုတိယတန်းကလပ် ရေးဆင်းကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ဒုတိယပိုင်းတွင် ဖာရန်တောရက်စ်နဲ့ လာမိန်းယာမဲလ်တို့ သွင်းယူတဲ့ ဂိုးတွေကြောင့် ၂-၀ ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ယခုပွဲမှာ ဘာစီလိုနာဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားခဲ့ရပေမယ့်လည်း ရေးဆင်းခံစစ်ကြောင်းကို ထိုးဖောက်ရ ခက်ခဲနေခဲ့ပါတယ်။
ပွဲချိန် ၆၆ မိနစ်မှာတော့ လူစားဝင်လာတဲ့ ဖာမင်လိုပက်ဇ်ရဲ့ လှပတဲ့ ပေးပို့မှုကနေ အသင်းခေါင်းဆောင်ဖာရန်တောရက်စ်က ဂိုးသမားကပါ လိမ်ခေါက်ပြီး ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
ယင်းနောက် အချိန်ပိုတွင် လာမိန်းယာမဲလ်က ရာဖင်ညာရဲ့ ဖြတ်တင်ဘောကနေ ဘာစီလိုနာအတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးအား သွင်းယူခဲ့ပါတယ်။
ရေးဆင်းဟာ ဒုတိယတန်းအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အသင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာလီဂါသို့ တန်းတက်ရေး ကြိုးပမ်းနေတဲ့ အသင်းဖြစ်ပါတယ်။