မသင့်လျော်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကြောင့် ဘွန်ဒက်စ်လီဂါကလပ်မှ ထုတ်ပယ်ခြင်းခံလာရတဲ့ ယူရို ၉၆ ချန်ပီယံ
=======================
ယူရို ၉၆ ချန်ပီယံစတီဖန်ကန့်ဇ်ဟာ မသင့်လျော်တဲ့ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကြောင့် ဘွန်ဒက်စ်လီဂါကလပ် ဟမ်းဘတ်ဘုတ်အဖွဲ့မှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အသက် ၆၃ နှစ်ရှိ ကန့်ဇ်ဟာ ဇန်နဝါရီလ ၂ ရက်နေ့တုန်းက ဟမ်းဘတ်အားကစားဒါရိုက်တာရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။ ထိုစဉ်တုန်းက ဟမ်းဘတ်က ကာယကံရှင်ဘက်မှ မိသားစုအရေးကိစ္စကြောင့် နုတ်ထွက်ရန် တောင်းဆိုလာမှုကြောင့် ထွက်ခွာခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့ပါတယ်၊
ဒါပေမယ့် ဂျာမန်သတင်းစာ Bild ရဲ့ ဖော်ပြလာမှုအရ ဟမ်းဘတ်ဟာ ဝန်ထမ်းအမြောက်အမြားတို့ရဲ့ တိုင်ကြားမှု ရရှိပြီးနောက် ကန့်ဇ်ကို ထုတ်ပယ်လိုက်ခြင်းဖြစ်ပြီး ကာယကံရှင်ဘက်ကလည်း ယင်းဖြစ်ရပ်များကို စုံစမ်းမခံဘဲ ထုတ်ပယ်မှုအပေါ် သဘောတူညီခဲ့ကြောင်း သိရပါတယ်။
ဟမ်းဘတ်ဝန်ထမ်းအမျိုးသမီးတစ်ဦးက ကန့်ဇ်ရဲ့ မသင့်လျော်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခြင်းခံရပြီးနောက် တိုင်ချက်ဖွင့်လှစ်ခဲ့ပါတယ်။ ယင်းနောက်မှာတော့ အခြားအမျိုးသမီးဝန်ထမ်းများကလည်း ကန့်ဇ်ကို ပွတ်သီးပွတ်သတ်နေတတ်သူအဖြစ် တိုင်ချက်ဖွင့်ခဲ့ကြပါတယ်။
တဖက်တွင် ကန့်ဇ်ကတော့ ၎င်းအပေါ် စွပ်စွဲမှုအားလုံးကို ငြင်းဆိုထားပြီး ရှေ့နေနှင့် တိုင်ပင်ကာ သတင်းမှားဖြန့်သူများအား အရေးယူရန် လုပ်ဆောင်နေကြောင်း ကြေညာသွားပါတယ်။
ကန့်ဇ်ဟာ ယခင်တုန်းက ဂျာမနီယူ-၂၁ နှင့် တူရကီလက်ရွေးစင်အသင်းတို့တွင် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှ စတင်ကာ ဟမ်းဘတ်တွင် တာဝန်ထမ်းဆောင်လာခဲ့တာပါ။
ဂျာမနီတိုက်စစ်မှူးဟောင်းဟာ ဂျာမနီအသင်းကို ယူရို ၉၆ ချန်ပီယံဖြစ်အောင် အဓိကနေရာမှ ကူညီခဲ့သူလည်း ဖြစ်ပါတယ်။