ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နှင့်လျှို့ဝှက်စွာတွေ့ဆုံခဲ့သည့် PPPပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် CECအဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို အရေးယူမည်ဟု ထုတ်ပြန်
------------------------------------------
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နဲ့ လျှို့ဝှက်စွာတွေ့ဆုံခဲ့မှုနဲ့ပတ်သက်ပြီး အရေးယူသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ၁၄ရက်မှာထုတ်ပြန်ပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ရှိရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကြိုတင်တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံဖို့နဲ့ သင့်လျော်တဲ့အစီအမံနဲ့ စိစစ်ခွင့်ပြုပေးမဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၀၂၂ခုနှစ် ဩဂုတ် ၂၃ရက် ရက်စွဲပါစာနဲ့ နိုင်ငံရေးပါတီအားလုံးကို အကြောင်းကြားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ သံရုံးတွေ/အဖွဲ့အစည်းတွေနဲ့ လျှို့ဝှက်စွာတွေ့ဆုံနေတယ်လို့ သိရတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြခွင့်ပြုချက်ယူပြီးမှသာ တွေ့ဆုံဖို့နဲ့ ခွင့်ပြုချက်မရဘဲတွေ့ဆုံရင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ၁၂နဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၂ရက် ရက်စွဲပါစာနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌကို လိပ်မူပြီး သတိပေးအကြောင်းကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ခွင့်ပြုချက်တင်ပြခြင်းမရှိဘဲ ၂၀၂၅ခုနှစ် ဒီဇင်ဘာ၁၈ရက် မွန်းလွဲ၂နာရီကနေ ၃နာရီခန့်အထိ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းက စားသောက်ဆိုင်တစ်ဆိုင်မှာ ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နဲ့ Maskတပ်ဆင်ပြီး တရားမဝင်လျှို့ဝှက်စွာ တွေ့ဆုံခဲ့ကြောင်း သတင်းပို့တိုင်ကြားမှုရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ မှန်ကန်ကြောင်း တွေ့ရှိရပြီး ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ကလည်း မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒါကြောင့် ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီ၁၃ရက် ညနေပိုင်းက သက်ဆိုင်ရာရဲ့ ခေါ်ယူမေးမြန်းမှုကိုခံရတဲ့ ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဇန်နဝါရီ၁၄ရက် ညပိုင်းမှာ နေအိမ်ကိုပြန်လည်ရောက်ရှိကြပြီဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးစောဟန်အေးက One Newsကို ပြောကြားထားပါတယ်။