အစိုးရကျောင်းများကို မဖြစ်မနေ အဆင့်မြှင့်တင်ပေးသွားရမည်ဟု ယာယီသမ္မတပြော
----------------------------------------------------------------------
နိုင်ငံ့ဝန်ထမ်းမိသားစုတွေနဲ့ သာမန်ဝင်ငွေရှိသူအများစုဟာ ၎င်းတို့ရဲ့သားသမီးတွေကို အစိုးရကျောင်းတွေမှာ ပညာသင်ကြားစေကြတဲ့အတွက် အစိုးရကျောင်းတွေကို မဖြစ်မနေ အဆင့်မြှင့်တင်ပေးသွားရမှာဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဇန်နဝါရီ၁၄ရက်က ပြုလုပ်တဲ့ ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။
ပညာရေးနဲ့ပတ်သက်ပြီး စံချိန်မီတဲ့ကျောင်းတွေ ဖြစ်စေရေးနဲ့ အရည်အချင်းရှိတဲ့ ဆရာ၊ ဆရာမတွေဖြစ်စေရေး အလေးထားဆောင်ရွက်သွားရမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အခြေခံပညာအဆင့်နဲ့ပတ်သက်ပြီး သင်ကြားရေးဆရာ၊ ဆရာမတွေ များစွာလိုအပ်တာကို သိရှိရပြီး သင်ကြားရေးဆရာ၊ ဆရာမတွေကို ဘွဲ့လွန်ဘွဲ့တွေပေးအပ်နိုင်ရေးအတွက် ဆရာအတတ်သင်ကျောင်းတွေနဲ့ ပညာရေးဒီဂရီကောလိပ်တွေကို တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ဖို့လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။