1 ပတ် - ဘာသာပြန်ပါ။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Al Nassr နှင့် ပေါင် ၁၀ သန်းတန် ခြေစမ်းပွဲကစားကာ အက်ဖ်အေဖလားမှ ထွက်ခွာရလို့ ငွေကြေးနစ်နာမှုကို ဖာထေးလာမယ့် ယူနိုက်တက်
===================

ယူနိုက်တက်ဟာ အက်ဖ်အေဖလားပြိုင်ပွဲမှ စောစောစီးစီး ထွက်ခွာခဲ့ရမှုကြောင့် ငွေကြေးယိုပေါက်ဖြစ်လာမှုအား ရာသီဝက် ခြေစမ်းပွဲစဉ်များ ကစားကာ ဖာထေးရေး လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဆော်ဒီသို့ သွားရောက်ကာ ရာသီဝက်ခြေစမ်းပွဲကစားပြီး ပေါင် ၁၀ သန်းဝန်းကျင် ရှာဖွေရေး လုပ်ဆောင်နေတာပါ။
ယူနိုက်တက်ဟာ ယခုရာသီတွင် ဥရောပပြိုင်ပွဲဝင်ခွင့်မရထားတဲ့အပြင် ခါရာဘောင်ဖလားနှင့် အက်ဖ်အေဖလားပြိုင်ပွဲတို့မှ စောစောစီးစီး ထွက်ခွာလိုက်ရမှုနှင့်အတူ ရာသီလက်ကျန်ပွဲများအဖြစ် ပရီးမီးယားလိဂ်ပွဲ ၁၇ ပွဲတည်းသာ ကစားရန် ကျန်ပါတော့တယ်။
ယူနိုက်တက်ဟာ ယခုရာသီတွင် စုစုပေါင်း ပွဲ ၄၀ တည်းသာ ကစားလာရမှာ ဖြစ်ပြီး နှစ်ပေါင်း ၁၁၁ နှစ်အတွင်း ပွဲအနည်းဆုံးကစားရတဲ့ ရာသီ ပိုင်ဆိုင်လာပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူရိုပါလိဂ်တွင် ဗိုလ်လုပွဲအထိ တက်ရောက်မှုနှင့်အတူ အိမ်ကွင်းပွဲ ၃၀ အထိကစားခွင့်ရခဲ့ကာ ဂိတ်ဝင်ကြေးဝင်ငွေ ပေါင်သန်း ၁၆၀.၃ သန်းအထိ ရခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ယာယီနည်းပြမိုက်ကယ်ကာရစ်ဟာ လက်ကျန် ပရီးမီးယားလိဂ် ၁၇ ပွဲမှ ၁၀ ပွဲကိုသာ အိုးထရက်ဖို့ဒ်တွင် လက်ခံကစားရမှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဂိတ်ဝင်ကြေး တစ်ပွဲပျမ်းမျှ ပေါင် ၅.၃ သန်းဝန်းကျင် ရရှိနေတာ ဖြစ်ပြီး ယခုကဲ့သို့ အိမ်ကွင်းပွဲများစွာ လျှော့ကျလာမှုနှင့်အတူ ဝင်ငွေများစွာ လျှော့ကျလာပါမယ်။
ယူနိုက်တက်ဟာ ဖေဖော်ဝါရီလအတွင်းတွင် ၁၃ ရက်အထိ ပွဲကစားရက် လုံးဝ မရှိသလို မတ်လ နောက်ဆုံး နိုင်ငံတကာပွဲစဉ်များမတိုင်မီတွင်လည်း ၁၀ ရက်အထိ နားရပါမယ်။
ယူနိုက်တက်ဟာ စက်တင်ဘာလကတည်းက ရာသီဝက်ခြေစမ်းပွဲများ ကစားရေး စတင် စဉ်းစားလာခဲ့တာ ဖြစ်ပြီး ဆော်ဒီတွင် ခြေစမ်းပွဲကစားရေးအတွက် General Entertainment Authority of Saudi Arabia ဥက္ကဌနှင့် ဆွေးနွေးထားပြီးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ ဖေဖော်ဝါရီလတုန်းက ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Al Nassr ၊ Al Hilal နှင့် အင်တာမိုင်ယာမီတို့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Riyadh Season Cup တွင်လည်း ပါဝင်ကစားရေး ယှဉ်ပြိုင်လာရေးအတွက်လည်း ရွေးချယ်စရာ ရှိနေပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီအကုန်တွင် အာရှသို့လည်းကောင်း၊ နွေရာသီတွင် အမေရိကန်သို့လည်းကောင်း‌ ခြေစမ်းပွဲများ သွားကစားမှုမှ ပေါင် ၇.၈ သန်းအထိ ရရှိခဲ့ပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ယခုရာသီ ဥရောပဝင်ခွင့် မရရှိထားတဲ့ အေစီမီလန်၊ ရက်ဘူးလ်လိုက်ဇစ်၊ လာဇီယို၊ ဆီဗီလာတို့နှင့်လည်း ခြေစမ်းပွဲကစားရေး စဉ်းစားနေပါတယ်။

image