ရာသီအကုန်တွင် ချန်ပီယံရှစ်သို့ တန်းဆင်းရပါက ဝက်စ်ဟမ်းကစားသမားများ လုပ်ခ လျှော့ချခံရမည်
=====================
ဝက်စ်ဟမ်းကစားသမားများဟာ ရာသီအကုန်တွင် ချန်ပီယံရှစ်သို့ တန်းဆင်းရမည်ဆိုပါက လုပ်ခလျှော့ချခြင်းခံလာရပါမယ်။
လက်ရှိအချိန်တွင် ဝက်စ်ဟမ်းဟာ ရာသီဝက်အကျော်တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၈ နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်ပြင်ပမှ အသင်းနှင့် ရမှတ် ၇ မှတ်အထိကွာဟနေကာ နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုအပေါ် ဖိအားများ ကျရောက်နေပါတယ်။
The Athletic ရဲ့ ဖော်ပြလာမှုအရ ဝက်စ်ဟမ်းကစားသမားများဟာ ချန်ပီယံရှစ်သို့ တန်းဆင်းရပါက လုပ်ခ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချခံရမှာ ဖြစ်ကြောင်း သိရပါတယ်။
ဝက်စ်ဟမ်းဟာ ကစားသမားများအား စာချုပ်ချုပ်ဆိုရာတွင် ချန်ပီယံရှစ်သို့ တန်းဆင်းရပါက လုပ်ခ ၅၀ ရာခိုင်နှုန်းလျှော့ယူရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းထားပါတယ်။
ဒါကြောင့်လည်း ၂၀၂၃ ခုနှစ်တုန်းက ၂၀၃၀ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုပါက တစ်ပတ်လုပ်ခပေါင် ၁၅၀၀၀၀ ဝန်းကျင်ဖြင့် ကလပ်ရဲ့ လုပ်ခအများဆုံးရကစားသမားအဖြစ် ရပ်တည်နေတဲ့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဂျာရော့ဒ်ဘိုဝင်းမှာ တန်းဆင်းရလျှင် တစ်ပတ်လုပ်ခ ပေါင် ၇၅၀၀၀ သာ ရရှိလာတော့မှာ ဖြစ်ပါတယ်။
တဖက်တွင် ဘိုဝင်းထက် လုပ်ခအနည်းငယ်သာ လျှော့နည်းတဲ့ ဘရာဇီးစတားပါကွီတာမှာလည်း လက်ရှိ ကလပ်ရဲ့ အခြေအနေကြောင့် အသင်းမှ ထွက်ခွာကာ အသင်းဟောင်း ဘရာဇီးကလပ်ဖလာမင်ဂိုသို့ ပြောင်းခွင့်ပေးရေး တောင်းဆိုထားနေပါတယ်။
ဖလာမင်ဂိုကလည်း ပါကွီတာကို ပေါင် ၃၅ သန်းအထိ ပေးကာ ခေါ်ယူရန် အသင့်ရှိနေပေမယ့် ဝက်စ်ဟမ်းဟာ တန်းမဆင်းရရေး တိုက်ပွဲဝင်နေချိန်တွင် အရေးပါတဲ့ ကွင်းလယ်ကစားသမားအား ဆက်ထိန်းထားရေး အစွမ်းကုန် ကြိုးပမ်းနေပါတယ်။
တဖက်တွင် ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်တွင် ဆက်လက်တင်ကျန်ရေးအတွက် အားနည်းနေတဲ့ တိုက်စစ်အား ပါဘလိုဖီးလစ်ပီ၊ တာတီကာစတယ်လာနို့စ်တို့အား ခေါ်ယူကာ အားဖြည့်ထားပါတယ်။
ဒါ့အပြင် ၎င်းတို့ဟာ ဗဟိုခံစစ်ကိုလည်း အားဖြည့်ရန် ကြိုးပမ်းနေပြီး တူးလော့စ်မှ ချာလီခရက်စ်ဝဲလ်နှင့် မိုနာကိုမှ အဲရစ်ဒိုင်ယာတို့အား ခေါ်ယူရေး ကြိုးပမ်းနေပါတယ်။