ပြီးခဲ့တဲ့ရာသီ ဆီမီးဖိုင်နယ်က ထွက်ခဲ့ရခြင်းကို သင်ခန်းစာယူသွားမယ်လို့ အာတေတာ ပြောကြား
အာဆင်နယ်အသင်းရဲ့နည်းပြ အာတေတာက ပြီးခဲ့တဲ့ရာသီ လိဂ်ဖလားဆီမီးဖိုင်နယ်က ထွက်ခဲ့ရခြင်းကို သင်ခန်းစာယူသွားမယ်လို့ ချယ်လ်ဆီးနဲ့ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက လိဂ်ဖလားဆီမီးဖိုင်နယ်မှာ နယူးကာဆယ်အသင်းကို နှစ်ကျော့စလုံး (၀-၂)ဂိုးတွေနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။
ဒီရာသီ လိဂ်ဖလားဆီမီးဖိုင်နယ်မှာတော့ အာဆင်နယ်အသင်းက လန်ဒန်ဒါဘီပြိုင်ဘက် ချယ်လ်ဆီးအသင်းနဲ့ ဆုံတွေ့နေပြီး ဒီနေ့ည မြန်မာစံတော်ချိန် ၂း၃၀ နာရီမှာ ပထမအကျော့အဖြစ် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာပါ။
''ပြီးခဲ့တဲ့ရာသီက ကြုံတွေ့ခဲ့ရတာကို သင်ခန်းစာယူသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒါက နာကျင်စရာကောင်းလို့ပါ။ အထူးသဖြင့် အခွင့်အရေးတွေ အများကြီးရရှိပြီး အသုံးမချနိုင်ခဲ့လို့ပါ။ ဒီနှစ်မှာတော့ ကျွန်တော်တို့ ပိုကောင်းလာပြီး ပိုပြီးခရီးရောက်ဖို့လည်း မျှော်လင့်ပါတယ်'' လို့ အာတေတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်က ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာလည်း ဒုတိယသာရခဲ့တာကြောင့် ဖလားလက်မဲ့ဖြစ်ခဲ့ရပါတယ်။
ဒီရာသီမှာတော့ လက်ရှိအချိန်အထိ ပြိုင်ပွဲ(၄)ခုစလုံးမှာ ဆုဖလားမျှော်မှန်းနိုင်စွမ်းရှိနေပါတယ်။