မက်ဆီသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ချက်လက်မှတ်အလွတ်ထဲမှာ လိုချင်တဲ့ လစာငွေပမာဏ ရေးထည့်ခွင့်ပြုမယ်လို့ အယ်လ်အစ်တီဟတ်အသင်းဥက္ကဋ္ဌ ပြောကြား
ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ အန်မာအယ်လ်ဟာလီက အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသာ အသင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ချက်လက်မှတ်အလွတ်ပေးပြီး လိုချင်တဲ့ လစာငွေပမာဏ ရေးထည့်ခွင့်ပြုဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
အယ်လ်အစ်တီဟတ်အသင်းဟာ PSG အသင်းနဲ့ မက်ဆီ စာချုပ်သက်တမ်းကုန်ဆုံးခါစက တစ်နှစ်လစာ ယူရို(၁.၄)ဘီလီယံနဲ့ ကမ်းလှမ်းခဲ့ဖူးပြီး မက်ဆီက ငြင်းပယ်ခဲ့ကြောင်းလည်း သိရပါတယ်။
''မက်ဆီသာ အယ်လ်အစ်တီဟတ်အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူခဲ့ရင် ကျွန်တော်က သူ့ကို ချက်လက်မှတ်အလွတ်ပေးပြီး လိုချင်သလောက် လစာငွေကို ရေးထည့်ခွင့်ပြုမှာပါ။ စာချုပ်သက်တမ်းကိုလည်း သူ့စိတ်ကြိုက်ရွေးချယ်ခွင့်ရမှာဖြစ်ပြီး တစ်သက်တာဆိုလည်း လိုက်လျောသွားမှာပါ။ မက်ဆီ ဆော်ဒီကို ရောက်လာပြီး အယ်လ်အစ်တီဟတ်ဝတ်စုံ ဝတ်ဆင်မယ်ဆိုရင် ငွေကြေးအကျိုးအမြတ်က ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ မက်ဆီကိုပဲ လိုချင်တာပါ။ ဘာကြောင့်လဲဆိုတော့ သူက ထာဝရအကောင်းဆုံးဘောလုံးသမား ဖြစ်နေတာကြောင့်ပါ။ ဟုတ်ပါတယ်။ သူ့ကို ကျွန်တော် PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်တုန်းက တစ်နှစ်ကို ယူရို(၁.၄)ဘီလီယံနဲ့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့ရဲ့မိသားစုက အမေရိကန်ကို သွားချင်တာကြောင့် ငြင်းပယ်ခဲ့ပါတယ်။ သူ့ဆုံးဖြတ်ချက်ကို ကျွန်တော် လေးစားပါတယ်။ အယ်လ်အစ်တီဟတ်အသင်းက သူ့အတွက် တံခါးအမြဲဖွင့်ထားပါတယ်။ သူ ဆန္ဒရှိတဲ့အချိန်မှာ အချိန်မရွေး လာနိုင်ပါတယ်'' လို့ အန်မာအယ်လ်ဟာလီက ပြောကြားခဲ့ကြောင်း လူမှုကွန်ရက်မှာ ဖော်ပြမှုတွေ ရှိနေတာဖြစ်ပါတယ်။
မက်ဆီဟာ PSG အသင်းနဲ့ လမ်းခွဲပြီးနောက် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး လစာအဖြစ် တစ်နှစ်ကို ယူရိုသန်း(၅၀)ဝန်းကျင်ရရှိနေကြောင်း သိရပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာကြောင့် အဲဒီအသင်းမှာပဲ ကစားသမားဘဝ အဆုံးသတ်ဖွယ်ရှိနေပါတယ်။