1 ရက် - ဘာသာပြန်ပါ။

ရီးယဲလ်နည်းပြရာထူးနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့သတင်းတွေကို ယာဂန်ကလော့ပ် တုံ့ပြန်

လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်က ရီးယဲလ်အသင်းရဲ့ နည်းပြရာထူးနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့သတင်းတွေကို ကောလာဟလသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဂျာမန်နည်းပြ ယာဂန်ကလော့ပ်ဟာ လီဗာပူးလ်အသင်းနဲ့ လမ်းခွဲပြီးနောက် လက်ရှိအချိန်မှာ Red Bull ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် ဆောင်ရွက်နေတာပါ။
ရီးယဲလ်အသင်းဟာ စပိန်စူပါဖလားဗိုလ်လုပွဲအပြီး တစ်ရက်မပြည့်ခင်မှာပဲ နည်းပြ အလွန်ဆိုကို ရာထူးက ထုတ်ပယ်ခဲ့ပြီး အရန်အသင်းနည်းပြ အာဘီလိုအာကို နည်းပြသစ်အဖြစ် ခန့်အပ်ထားပေမဲ့ လာမယ့်နွေရာသီမှာ ထိပ်တန်းနည်းပြသစ် ပြောင်းလဲခန့်အပ်ဖို့ စီစဉ်ထားကြောင်း မီဒီယာတွေက ဖော်ပြနေကြပါတယ်။
ဒါ့အပြင် ရီးယဲလ်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ရည်ရွယ်ထားသူတွေထဲမှာ ယာဂန်ကလော့ပ်က ထိပ်ဆုံးက ပါဝင်နေကြောင်းလည်း သတင်းထွက်နေပြီး ယာဂန်ကလော့ပ်ကိုလည်း တိုက်ရိုက်မေးမြန်းမှုရှိလာတာကြောင့် အခုလို တုံ့ပြန်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။
'' ကောလာဟလသတင်းတွေက လှည့်ပတ်သွားလာနေပြီး တစ်ခါတစ်ရံ အခုလို ရောက်လာတယ်လို့ ထင်ပါတယ်။ ခင်ဗျားရဲ့မေးခွန်း ဘယ်လိုဖြစ်လာသလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော်နဲ့ မသက်ဆိုင်ပါဘူး။ ကျွန်တော့်ဖုန်းကို ခေါ်ဆိုမှုရှိပေမဲ့ မက်ဒရစ်က မဟုတ်ပါဘူး(ရယ်လျက်)'' လို့ ယာဂန်ကလော့ပ်က ပြောကြားခဲ့ပါတယ်။
ရီးယဲလ်အသင်းရဲ့နည်းပြသစ် ဖြစ်လာနိုင်သူတွေထဲမှာ မကြာခင်ကမှ ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲထားတဲ့ နည်းပြ မာရက်စကာလည်း ပါဝင်နေပြီး ထိပ်ဆုံးက အလေးပေးခံထားရကြောင်းလည်း သိရပါတယ်။

image