၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၉လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၃၄ သန်းနီးပါး ဝင်ရောက်
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၉လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၃၄ သန်းနီးပါး ဝင်ရောက်မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂ ဒသမ ၅ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၉၀ ဒသမ ၅၃၅ သန်း၊ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၃၅ ဒသမ ၃၀၃ သန်း၊ ရေနံနှင့်သဘာ၀ဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ ၂၅ သန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၈၁ ဒသမ ၄၄ သန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၃ ဒသမ ၀၈၉ သန်းဖြင့် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၃၃၃ ဒသမ ၈၆၇ သန်း ဝင်ရောက်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။