1 ပတ် - ဘာသာပြန်ပါ။

ပြင်ဦးလွင်-ဂုတ်ထိပ် ရှုခင်းကြည့် ရထားခရီးစဉ် စီးနင်းသူများပြား
-------------------

မန္တလေး-လားရှိုးလမ်းပိုင်းမှာရှိတဲ့ ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ရှုခင်းကြည့် Sightseeing ရထားခရီးစဉ်မှာ စီးနင်းသူတွေ များလာတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက သိရပါတယ်။
အဲဒီခရီးစဉ်ကို ဒီဇင်ဘာ(၁၉)ရက်ကစပြီး အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တွေမှာ ပြေးဆွဲပေးနေတာဖြစ်ပြီး ဒီကနေ့ အထိ ရထားခရီးစဉ် ၁၈ ခေါက်၊ package နဲ့ စင်းလုံးငှားရမ်းမှုမှာ ခရီးသည် ၂၄ ယောက် လိုက်ပါစီးနင်းနိုင်တဲ့ RBE အထက်တန်းတွဲခရီးစဉ် ခြောက်ကြိမ်နဲ့ ခရီးသည် ၄၀ လိုက်ပါစီးနင်းနိုင်တဲ့ RBE ရိုးရိုးတန်းတွဲခရီးစဉ် နှစ်ကြိမ် ပြေးဆွဲပေးခဲ့ရာ ခရီးသည် ကိုးရာကျော် လိုက်ပါစီးနင်းခဲ့တယ်လို့ ဆိုပါတယ်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေနဲ့ ပြည်တွင်းခရီးသွားတွေနဲ့ နိုင်ငံခြားသား ခရီး သွားတွေအတွက် သမိုင်းဝင် ဂုတ်ထိပ်တံတားကြီးကို လေ့လာကြည့်ရှုနိုင်ဖို့နဲ့ လမ်းခရီးတစ်လျှောက် ရေမြေ တောတောင်သဘာဝရှုခင်းတွေကို လေ့လာကြည့်ရှုနိုင်ဖို့ ခရီးစဉ်ကို ပြေးဆွဲပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်-ပြင်ဦးလွင် RBE ရထားခရီးစဉ်မှာ ခရီးသည် ၄၀ လိုက်ပါစီးနင်းနိုင်ပြီး ဂုတ်ထိပ်(၁) RBE ရထားဟာ ပြင်ဦးလွင်ဘူတာကနေ မနက်(၈)နာရီမှာ ထွက်ခွာပြီး ဂုတ်ထိပ်ဘူတာကို မနက် ၁၁ နာရီခွဲမှာ ရောက်ရှိရပ်နားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂုတ်ထိပ်(၂) RBE ရထားဟာ ဂုတ်ထိပ်ဘူတာကနေ မွန်းလွဲ ၁၂ နာရီခွဲမှာ ပြန်လည်ထွက်ခွာပြီး ပြင်ဦးလွင်ဘူတာကို ညနေ ၄ နာရီမှာ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်တွေ အတွင်း လမ်းခရီးမှာ ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်နဲ့ နောင်ချိုဘူတာတွေမှာ ရပ်တန့်ပေးမှာ ဖြစ်တယ်လို့ သိရပါ တယ်။

image