သမ္မတရာထူး ထရန့်ရခဲ့ပြီးနောက်ပိုင်း ဗီဇာတစ်သိန်းကျော်ပယ်ဖျက်
အမေရိကန်သမ္မတရာထူးကို ဒေါ်နယ်ထရန့်ရယူခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်းမှစ၍ လက်ရှိအထိ ပြည်ဝင်ခွင့်ဗီဇာ တစ်သိန်းကျော်ကို ပြန်လည်ပယ်ဖျက်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၂ ရက်တွင်သတင်းထုတ်ပြန်ထားသည်။
သမ္မတဒေါ်နယ်ထရန့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒများအရ အမေရိကန်အစိုးရအနေဖြင့်ပြည်ဝင်ခွင့်ဗီဇာ ပယ်ဖျက်မှုကို အရေအတွက်အားဖြင့် စံချိန်တင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သမ္မတရာထူး ဒေါ်နယ်ထရန့် ရယူပြီးနောက်ပိုင်း အမေရိကန်အစိုးရက ပယ်ဖျက်ခဲ့သော ပြည်ဝင်ခွင့်ဗီဇာ တစ်သိန်းကျော်ထဲတွင် ကျောင်းသားဗီဇာ၈၀၀၀ အထိ ပါဝင်ကြောင်း သိရသည်။
ယင်းအပြင် ရာဇဝတ်မှုများ၌ အမေရိကန်တရားဥပဒေစိုးမိုးရေးဝန်ထမ်းများနှင့် ထိပ်တိုက်တွေ့ခဲ့ဖူးသူ ၂၅၀၀ တို့၏ ဗီဇာများကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်ရုပ်သိမ်းခဲ့သည်။
အမေရိကန်အစိုးရသည် သမ္မတဒေါ်နယ်ထရန့်၏ ပြင်းထန်တင်းကျပ်သော မူဝါဒများအရဗီဇာများ ထုတ်ပေးရာတွင် ပိုမိုတင်းကျပ်သည့်စည်းမျဉ်းစည်းကမ်းများကိုလည်း ကျင့်သုံးလျက်ရှိသည်။
ယင်းအပြင် အမေရိကန်ပြည်ထောင်စုအားရန်လိုသူများအဖြစ် အစိုးရက ရှုမြင်နိုင်ဖွယ်ရှိသော
ပြည်ပနိုင်ငံသားများအား ဗီဇာထုတ်ပေးမှုနှင့်ပတ်သက်၍ အထူးသတိထားကြရန် ပင်လယ်ရပ်
ခြား သံတမန်များကို ညွှန်ကြားထားသည်။
သမ္မတဒေါ်နယ်ထရန့် သမ္မတအဖြစ်ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက်ပိုင်း ရွှေ့ပြောင်းဝင် ရောက်သူ မဟုတ် သည့် ဗီဇာပေါင်း ၈၀၀၀၀ဝန်းကျင်ခန့်ကို ပြန်လည်ပယ်ဖျက်ထားကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၂၅ခုနှစ် နိုဝင်ဘာလအတွင်း ကြေညာခဲ့ဖူးသည်။