ဘန်ကောက်အနီး ခုတ်မောင်းနေတဲ့ ရထားပေါ် ကရိန်းပြုတ်ကျလို့ လူ ၂၀ သေပြီး ၈၀ ကျော်ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဆောက်လုပ်ရေးလုပ်ငန်းသုံး ကရိန်းတခုဟာ ခုတ်မောင်းနေတဲ့ ရထားတွဲတခုပေါ် ပြုတ်ကျပြီးနောက် အနည်းဆုံး လူ ၂၂ သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။
မတော်တဆမှုဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မနက်ပိုင်းက မြို့တော်ဘန်ကောက်ရဲ့ မြောက်ဘက်ရှိ နခွန်ရတ်ချစီမာခရိုင်မှာ ဖြစ်ပွားခဲ့တာပါ။ ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ ရထားတွဲမှ အလောင်းတွေကို ဖယ်ရှားနေဆဲဖြစ်တာကြောင့် သေဆုံးသူဦးရေ မြင့်တက်လာဖွယ်ရှိပါတယ်။
ရထားပေါ်မှာ ခရီးသည်နဲ့ ဝန်ထမ်း ၁၉၅ ယောက်လိုက်ပါခဲ့တာပါ။ လက်ရှိမှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။ လူ ၈၀ လောက်ဒဏ်ရာရခဲ့ပြီး လူဘယ်နှစ်ယောက် စိုးရိမ်ရတဲ့ အခြေအနေရှိနေလဲဆိုတာကို အတည်ပြုဖို့ ဆေးရုံကို အကြောင်းကြားထားတယ်ဆိုပါတယ်။
“နံနက် ၉ နာရီလောက်မှာ အပေါ်ကနေ တခုခု လျှောကျလာသလို ကျယ်လောင်တဲ့ အသံတစ်ခု ကြားလိုက်ရပြီး ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဘာတွေဖြစ်ခဲ့လဲဆိုတာ သွားကြည့်တော့ ခရီးသည်တင် ရထားတွဲသုံးတွဲပေါ်မှာ ကရိန်းက ပိမိနေတာကို တွေ့လိုက်ရတယ်။” လို့အခင်းဖြစ်ပွားရာနေရာမှာရှိနေတဲ့ ဒေသခံက ပြောပါတယ်။
မြန်နှုန်းမြင့်ရထားစီမံကိန်းမှာ လုပ်ဆောင်နေတဲ့ ကရိန်းတစင်း ပြိုကျပြီး ဖြတ်သွားတဲ့ရထားကို ဝင်တိုက်မိကာ ရထားလမ်းချော် မီးလောင်သွားကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။
AFP မှ အတည်ပြုထားတဲ့ အခင်းဖြစ်ပွားရာနေရာမှ ဗီဒီယိုမှတ်တမ်းမှာတော့ ကရိန်းရဲ့ ကျိုးပဲ့နေတဲ့ အစိတ်အပိုင်းတွေဟာ ဧရာမကွန်ကရစ်တိုင်တွေပေါ်မှာရှိနေပြီး အောက်ဘက်ရှိ ရထားအပျက်အစီးတွေကနေ မီးခိုးတွေ ထွက်နေတာကို တွေ့ရပါတယ်။
မီးကို ငြှိမ်းသတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမယ့်လည်း အခင်းဖြစ်ပွားရာနေရာမှာ ဓာတုပစ္စည်းယိုစိမ့်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ သက်ချာပွန်က နောက်ပိုင်းမှာ ပြောပါတယ်။
ဒီရထားလမ်းဟာ တရုတ်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ Belt and Road အခြေခံအဆောက်အအုံ စီမံကိန်း တစိတ်တပိုင်းအဖြစ် ၂၀၂၈ ခုနှစ်မှာ ဘန်ကောက်ကနေ တရုတ်နိုင်ငံ ကူမင်းကို ဆက်သွယ်ဖို့ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်တခု ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံ စီမံကိန်းတခုဖြစ်ပါတယ်။

image