ဖိလစ်ပိုင် အမှိုက်ပုံပြိုကျမှု သေဆုံးသူ ၁၁ ယောက်အထိရှိလာပြီး ပျောက်နေသူ ၂၀ ကျော် အသက်ရှင်ဖွယ်မရှိ
ဖိလစ်ပိုင်အလယ်ပိုင်းရှိ အမှိုက်ပုံပြိုကျမှုမှာ သေဆုံးသူဦးရေ ၁၁ ယောက်အထိ မြင့်တက်လာပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေတွေ့ရှိဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စီဘူးမြို့ရှိ ဘီနာလီ၀ူ ပြီးခဲ့တဲ့အပတ်က ပြိုကျမှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ချိန်မှာ အလုပ်သမား ၁၀၀ ကျော် နေရာမှာရှိနေခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးများကြားမှ ဒဏ်ရာရသူ ၁၂ ယောက်ကို ဆွဲထုတ်နိုင်ခဲ့ပေမယ့် လူ ၂၀ ကျော်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
အပျက်အစီးတွေနဲ့ အမှိုက်တန်ချိန်များစွာ ပြိုကျပြီးသုံးရက်အကြာမှာတော့ ပျောက်ဆုံးနေသူတွေ အသက်ရှင်ဖို့ မဖြစ်နိုင်တော့ကြောင်း ဒေသခံမီးသတ်တာဝန်ရှိသူက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြိုကျမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့နဲ့ နိုင်ငံရဲ့ အမှိုက်စီမံခန့်ခွဲမှုစနစ်ကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
အမှိုက်ပုံ စီမံခန့်ခွဲနေတဲ့ ကုမ္ပဏီကို လုပ်ငန်းတွေရပ်ဆိုင်းထားဖို့ အာဏာပိုင်တွေက အမိန့်ပေးထားပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြေရှင်းချက်ကို ရက် ၉၀ အတွင်း တင်သွင်းဖို့ ပတ်ဝန်းကျင်နဲ့ သဘာ၀အရင်းအမြစ်ဌာနက ညွှန်ကြားထားပါတယ်။
အဲဒီအမှိုက်ပုံဟာ ၃၇ ဧက ခန့် ကျယ်ဝန်းပါတယ်။ အာဏာပိုင်တွေဟာ မြေပြိုမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ဖြစ်ပါတယ်။ ဒေသခံသတ္တုတွင်းနဲ့ ဘူမိသိပ္ပံဗျူရိုမှ ကနဦးအစီရင်ခံစာတခုမှာတော့ မကြာသေးမီရက်သတ္တပတ်တွေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ အမှိုက်တွေ ပိုမိုများပြားလာတာအပြင် အခြားအင်ဂျင်နီယာဆိုင်ရာအချက်တွေ အမှိုက်ပုံပြိုကျရတာလို့ ဒေသခံမီဒီယာတွေက ဖော်ပြထားပါတယ်။