ထိုင်းပါဆယ်ပို့သမားကို ရိုက်နှက်ခဲ့တဲ့ မြန်မာလုပ်သား ခြောက်ယောက် အဖမ်းခံပြီး ဒဏ်ငွေနဲ့ ပြေလည်

ထိုင်းပါဆယ်ပို့သမားကို ရိုက်နှက်ခဲ့တဲ့ မြန်မာအလုပ်သမား ခြောက်ယောက်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်၊ မနက်ပိုင်းမှာ ထိုင်းရဲထံ လာရောက် အဖမ်းခံခဲ့ပြီး ဒဏ်ငွေနဲ့ ပြေလည်မှု ရရှိသွားပြီ ဖြစ်တယ်လို့ ထိုင်းနယူးရှိုးသတင်းမှာ ဖော်ပြထားပါတယ်။
ပါဆယ်ပို့သမားနဲ့ မြန်မာ အလုပ်သမားတွေ အချင်းများခဲ့တဲ့ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့၊ ညနေပိုင်းက ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘောနယ်မြေရှိ စားသောက်ဆိုင်ရှေ့မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“ဒီနေ့တော့ ဘန်ကောက် (စမွတ်ပရာကန်) မှာ ရန်ဖြစ်ခဲ့တဲ့ အဲဒီ မြန်မာလုပ်သား ခြောက်ယောက် ပုလိပ်ရုံး (ထိုင်းရဲစခန်း) မှာ အဖမ်းခံကြတယ်။ ဒီခြောက်ယောက်က ရန်ဖြစ်ပြီးကတည်းက တိမ်းရှောင်နေကြတာ။ ဒါပေမယ့် ထိုင်းရောက် မြန်မာတွေက ကိစ္စတွေ ကြီးကြီးမားမား ထပ်ဖြစ်မလာအောင် တောင်းပန်လိုက်ဖို့ ဝိုင်းပြီး တိုက်တွန်းကြတော့ သက်ဆိုင်ရာမှာ ဒီနေ့ အဖမ်းခံပြီး ဝန်ချတောင်းပန်ကြတယ်” လို့ ထိုင်းရောက် မြန်မာလူမျိုးတယောက်က ပြောပါတယ်။
ထိုင်းသတင်း ဖော်ပြချက်တွေအရ အဲဒီ မြန်မာအလုပ်သမားတွေဟာ ၎င်းတို့ အလုပ် လုပ်ခဲ့တဲ့ဆိုင်က မန်နေဂျာ အမျိုးသမီးနဲ့အတူ ထိုင်းရဲထံ လာရောက် အဖမ်းခံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရဲစခန်းမှာ စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်ရာမှာ မြန်မာအလုပ်သမားတွေက ၎င်းတို့ရဲ့ လုပ်ရပ်အပေါ် နောင်တရကြောင်း ပြောဆိုခဲ့သလို ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ထိုင်းပါဆယ်ပို့သမားအပြင် ထိုင်းပြည်သူတွေကိုပါ တရားဝင် တောင်းပန်ခဲ့ကာ နောက်နောင် အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မပြုလုပ်တော့ဖို့ ဝန်ခံကတိ ပြုခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြတဲ့ နှစ်စလုံးကို ထိုင်းရဲတပ်ဖွဲ့က ကနဦး တရားစွဲဆိုကာ ဒဏ်ငွေတွေ အသီးသီး ချမှတ်ခဲ့တဲ့အပြင် မြန်မာလုပ်သားတွေကလည်း ထိုင်းပါဆယ်ပို့သမားရဲ့ ပျက်စီးသွားတဲ့ ဆိုင်ကယ်အတွက် လျော်ကြေးငွေ ဘတ် တသောင်း ပေးဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
“ရန်ဖြစ်တဲ့ နှစ်ဖက်စလုံးကို ဒဏ်ငွေချပြီး ပြန်လွှတ်ပေးလိုက်တယ်။ ပုလိပ်တွေက ကြေအေးပေးလိုက်လည်း အပြင်မှာ အဲဒီ ခြောက်ယောက်ကို ထိုင်းတွေတွေ့ရင် သိပ်အဆင်မပြေလောက်ဘူး” လို့ ထိုင်းရောက် မြန်မာလူမျိုးတယောက်က ပြောပါတယ်။
လက်ရှိမှာတော့ အခင်းဖြစ်ပွားရာ စားသောက်ဆိုင်ရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက ဆက်လက် စိစစ်လျက်ရှိတယ်လို့ သိရပါတယ်။
အဲဒီ ခိုက်ရန်ဖြစ်ပွားမှုဟာ မြန်မာအလုပ်သမားရဲ့ ကားနဲ့ ထိုင်းပါဆယ်ပို့သမားရဲ့ ဆိုင်ကယ်တို့ တိုက်မိမလိုဖြစ်ခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်တယ်လို့သိရပြီး နှစ်ဖက် စကားများခဲ့ပြီးနောက် အဲဒီ ဇန်နဝါရီ ၁၁ ရက်နေ့၊ ညနေပိုင်းမှာ ထိုင်းပါဆယ်ပို့သမားက ပြဿနာဖြေရှင်းရန်အတွက်ဆိုကာ ၎င်းရဲ့သူငယ်ချင်း နှစ်ယောက်ကို ခေါ်ဆောင်ပြီး မြန်မာအလုပ်သမား အလုပ်လုပ်ကိုင်ရာ စားသောက်ဆိုင်ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
ရုပ်သံမှတ်တမ်းအရ အင်္ကျီအဖြူဝတ် မြန်မာအလုပ်သမား တယောက်ဟာ တုတ်တချောင်း ကိုင်ဆောင်ပြီး ဆိုင်ထဲကနေ ထွက်လာကာ ဆိုင်ကယ်သမားကို အော်ဟစ်ပြီးနောက် စားသောက်ဆိုင်ရှေ့မှာ စတင် ရိုက်နှက်ခဲ့တာကို တွေ့ရှိရပါတယ်။
အဲဒီနောက် အနီးရှိ မြန်မာ အလုပ်သမားတွေလည်း ပါလာခဲ့ကြပြီး နှစ်ဖက် အပြန်အလှန် ထိုးကြိတ်ခဲ့ကြတာကို တွေ့ရှိပါတယ်။
ရိုက်နှက်ခံရသူတွေက နယ်မြေရဲစခန်းမှာ တိုင်ကြားခဲ့တဲ့အတွက် ထိုင်းအာဏာပိုင်တွေက ရန်ပွဲဖြစ်ပွားခဲ့တဲ့ စားသောက်ဆိုင်ကို သွားရောက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာမှာ ဆိုင်တာဝန်ခံက လုပ်ငန်းလိုင်စင် အစရှိတဲ့ စာရွက်စာတမ်းတွေ ပြသနိုင်ခြင်း မရှိတဲ့အတွက် ဆိုင်ကို ယာယီပိတ်သိမ်းထားဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အခင်းဖြစ်စဉ်ကြောင့် ဆိုင်ပိုင်ရှင်က ထိုင်းနိုင်ငံသား သုံးယောက်ကို ရိုက်နှက်ခဲ့တဲ့ မြန်မာအလုပ်သမား ခြောက်ယောက်ကို အလုပ်ထုတ်ခဲ့တယ်လို့ ထိုင်းသတင်း ဖော်ပြချက်တွေအရ သိရပါတယ်။

image