စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတဟောင်းကို သေဒဏ်ပေးဖို့ တောင်ကိုရီးယား အစိုးရရှေ့နေတွေတောင်းဆို

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာနဲ့ပတ်သက်ပြီး အပြစ်ရှိကြောင်း တွေ့ရှိပါက သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်ကို သေဒဏ်ချမှတ်ဖို့ အစိုးရရှေ့နေတွေက တောင်းဆိုခဲ့ကြပါတယ်။
ဆိုးလ်မြို့ရှိ တရားရုံးတခုဟာ သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်ကို ပြီးခဲ့တဲ့နေ့ ရုံးတင်စစ်ဆေးမှုမှာ နောက်ဆုံးလျှောက်လဲချက်တွေကို ကြားနာခဲ့ပြီး အစိုးရရှေ့နေတွေကတော့ သူ့ကို ပုန်ကန်မှု ခေါင်းဆောင် အဖြစ် စွပ်စွဲခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းဖို့ ယွန်းဆွတ်ယိုးလ်က ကြိုးပမ်းခဲ့ပြီး ဒီလိုကြေညာမှုဟာ နာရီပိုင်းသာကြာခဲ့ပေမယ့် နိုင်ငံကို နိုင်ငံရေးမငြိမ်မသက်မှုတွေထဲ တွန်းပို့ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ကို လွှတ်တော် ရာထူးမှ ဖြုတ်ချခဲ့ပြီး ရုံးတင်စစ်ဆေးဖို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
ယွန်းဆွတ်ယိုးလ်ကတော့ သူအပေါ် စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ပုန်ကန်မှုကို ဦးဆောင်တယ်ဆိုတဲ့ စွဲချက်ဟာ သေဒဏ် သို့မဟုတ် ထောင်ဒဏ်တသက် ချမှတ်နိုင်ပါတယ်။
တောင်ကိုရီးယားမှာ နှစ်ပေါင်း ၃၀ နီးပါးအတွင်း ဘယ်သူ့ကိုမှ ကွပ်မျက်ခဲ့တာမျိုးမရှိပါဘူး။ ၁၉၉၆ ခုနှစ်မှာ ယခင်စစ်အာဏာရှင် ချွန်ဒူးဟွမ်ဟာ ၁၉၇၉ ခုနှစ် စစ်အာဏာသိမ်းမှုအတွက် သေဒဏ်ချမှတ်ခံခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြစ်ဒဏ်ကို ထောင်ဒဏ်တသက်တကျွန်း ပြောင်းလဲခဲ့ပါတယ်။
ပုန်ကန်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုကို ယွန်းဆွတ်ယိုးလ်အစိုးရအဖွဲ့ရှိ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွန်းနဲ့ ရဲချုပ်ဟောင်း ချိုဂျီဟိုတို့ကိုလည်း စစ်ဆေးခဲ့ပါတယ်။
အစိုးရရှေ့နေတွေကတော့ ယွန်းဆွတ်ယိုးလ်ရ့ တရားမဝင်အမိန့်တွေကို လိုက်နာမှုအတွက် သူတို့နှစ်ယောက်ကို ထောင်ဒဏ်တသက်နဲ့ ထောင်ဒဏ် ၂၀ နှစ် ချမှတ်ဖို့ တောင်းဆိုခဲ့ပြီး အခြားတရားခံငါးဦးယောက်လည်း အမှုတွဲမှာ ပါဝင်နေပါသေးတယ်။
တရားရေးဆိုင်ရာ ကြားနာမှုတွေဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာ ပြီးဆုံးဖို့ မျှော်လင့်ထားပေမယ့် တရားခံရှေ့နေတွေက ရုံးတင်စစ်ဆေးမှုတွေကို နှောင့်နှေးစေခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး အင်္ဂါနေအထိ ကြားနာစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ရတာပါ။ တရားရုံးကတော့ ဒီအမှုကို ဖေဖော်ဝါရီလမှာ အမိန့်ချသွားဖို့ရှိနေပါတယ်။

image