1 ပတ် - ဘာသာပြန်ပါ။

ဒေါ်သက်သက်ခိုင်နဲ့ ပါတီဗဟိုအလုပ်အမှုဆောင်တယောက် ခေါ်ယူစစ်ဆေးခံနေရတယ်လို့ သတင်းထွက်

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဗဟိုအလုပ်အမှုဆောင် တယောက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက မနေ့ ဇန်နဝါရီ ၁၃ ရက်၊ ညနေပိုင်းက ခေါ်ယူစစ်ဆေး မေးမြန်းနေတယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းကြား သတင်းတွေ ထွက်ပေါ်နေပါတယ်။
“ကျွန်တော်တို့ သိထားတာတော့ ဖမ်းတယ်၊ ထိန်းသိမ်းခံရတယ်ဆိုတာတော့ မဟုတ်ဘူး၊ ခေါ်မေးတဲ့အဆင့်လို့ သိရတယ်။ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားခံရတာလို့လည်း ကြားတယ်။ ဘယ်ဟာအမှန်လဲတော့ ကျွန်တော်တို့လည်း မသိသေးဘူး” လို့ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဒေါ်သက်သက်ခိုင်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက မနေ့ ဇန်နဝါရီ ၁၃ ရက်၊ ညနေ ၆ နာရီခွဲဝန်းကျင်မှာ ၎င်းနေထိုင်ရာ ဗဟန်းမြို့နယ်ရှိ နေအိမ်ကနေ ခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ VOM က ပြည်သူ့ရှေ့ဆောင် ပါတီဝင်တွေကို ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပါဘူး။
ဒေါ်သက်သက်ခိုင်ဟာ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်ခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းနေတာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်မှာ ဒေါ်သက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်း စာရင်းကနေ ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ဒေါ်သက်သက်ခိုင်ဟာ သတင်းမီဒီယာတခုနဲ့ အင်တာဗျူးဖြေဆိုခဲ့ရာမှာ လက်ရှိ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ်လို့ ယတိပြတ် မပြောနိုင်ကြောင်း ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။
အစိုးရပိုင်းမှာ နိုင်ငံ့တာဝန် ကြီးကြီးမားမား ယူထားသူတွေကစပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ဝင်ရောက် ယှဥ်ပြိုင်ကြသလို တချို့လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကို ပို့တယ်လို့ သတင်းကြားကြောင်း ဒေါ်သက်သက်ခိုင်က အဲဒီ မီဒီယာ အင်တာဗျူးမှာ ပြောဆိုခဲ့တာပါ။
ဒါကြောင့် ပါတီတွေအနေနဲ့ အစိုးရနဲ့ ပြိုင်ရသလိုဖြစ်သွားပြီး အားလုံးတပြေးညီ ယှဉ်ပြိုင်ရတဲ့ အခြေအနေ မဖြစ်တော့တဲ့ သဘောမျိုး ကျရောက်သွားတယ်လို့ ဒေါ်သက်သက်ခိုင်က ပြောဆိုခဲ့ပါတယ်။
“ကိုယ်ကပြောမယ်ဆိုရင် ဒိုင်လူကြီး လုပ်နေတယ်ပေါ့နော်။ ဒိုင်လူကြီး လုပ်နေတဲ့နေရာမှာ ဒိုင်လိုပဲ မနေဘဲနဲ့ ဒိုင်လိုလည်း နေတယ်၊ ပြီးတော့ ကိုယ့်လူတွေကိုလည်း အင်အားကြီးပါတီတခုကို ပို့လွှတ်ပြီးတော့မှ ဝင်လည်းပြိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်က အခုလို မေးခွန်းထုတ်စရာတွေ ဖြစ်သွားတယ်။ ပါတီတွေ ယှဉ်ပြိုင်တဲ့အခါမှာ အခွင့်အလမ်း တန်းတူညီမျှမှု ရှိမနေဘူး” လို့ ဒေါ်သက်သက်ခိုင်က ဝေဖန်ပြောဆိုခဲ့ပါတယ်။
လက်ရှိ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ပြီးတဲ့အထိ စောင့်ကြည့်ရမှာဖြစ်ကာ လတ်တလော အခြေအနေအရ ယတိပြတ် ဘာကိုမျှ မပြောနိုင်သေးဘူးလို့ ဒေါ်သက်သက်‌ခိုင်က ပြောဆိုခဲ့ပါတယ်။

image