ဆရာဟောင်းမော်ရင်ဟိုရဲ့ နည်းလမ်းကို အတုယူကာ ရီးရဲလ်မက်ဒရစ်အား ကိုင်တွယ်ပါက ကျရှုံးမှုနှင့် ကြုံရမည်ဟု အာဘီလိုအာ ဝန်ခံပြောကြားလာ
===================

ရီးရဲလ်မက်ဒရစ်နည်းပြသစ်အယ်ဗာရိုအာဘီလိုအာက ဆရာဟောင်းဟိုဆေးမော်ရင်ဟိုရဲ့ နည်းပြစတိုင်အား အတုယူကာ ရီးရဲလ်မက်ဒရစ်အား ကိုင်တွယ်လာမည်ဆိုပါက ကျရှုံးမှုနှင့် ကြုံရမည်ဟု ဝန်ခံ ပြောဆိုလာပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ တနင်္လာနေ့တုန်းက အသင်းကို ၃၄ ပွဲတည်းသာ ကိုင်တွယ်ရသေးတဲ့ ဇာဘီးအလွန်ဆိုအား ရာထူးမှ ထုတ်ပယ်ပြီးနောက် ရီးရဲလ်မက်ဒရစ်(ခ)အသင်းနည်းပြအာဘီလိုအာအား ခန့်အပ်ခဲ့ပါတယ်။
အာဘီလိုအာဟာ ကစားသမားဘဝမှ အနားယူပြီး‌နောက် ရီးရဲလ်မက်ဒရစ်လူငယ်အသင်းများနှင့် (ခ)အသင်းတို့အား ၆ နှစ်တိုင်တိုင် ကိုင်တွယ်လာခဲ့သူ ဖြစ်ပါတယ်။
အာဘီလိုအာဟာ ကစားသမားဘဝတုန်းက ရီးရဲလ်မက်ဒရစ်တွင် ၂၃၇ ပွဲကစားခဲ့သူ ဖြစ်ပြီး မော်ရင်ဟိုရဲ့ လက်အောက်တွင် သုံးရာသီ ကစားခဲ့ပါတယ်။
အာဘီလိုအာဟာ ဟိုဆေးမော်ရင်ဟိုရဲ့ နည်းပြစတိုင်အား လေးစားအားကျခဲ့သူ ဖြစ်ပေမယ့်လည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရီးရဲလ်မက်ဒရစ်ကို ဦးဆောင်လာပါမယ်။
အာဘီလိုအာက "သူနဲ့(မော်ရင်ဟို)စကားမပြောဖြစ်ပါဘူး။ ကျွန်တော့်အတွက် သူ့နည်းပြအောက်မှာ ကစားခွင့်ရခဲ့တာ ဂုဏ်ယူစရာပါ။ သူက ကျွန်တော့်အပေါ် ကြီးမားတဲ့ လွမ်းမိုးမှုရှိတဲ့သူတွေထဲက တစ်ဦးပါ။ အာဘီလိုအာအတိုင်းပဲ လုပ်ပါမယ်။ ကျရှုံးမှာ မကြောက်ပါဘူး။ ဒါပေမယ့် မော်ရင်ဟိုလို လိုက်လုပ်ရင် ကျရှုံးမှာ သေချာတယ်။ နည်းပြအများကြီး ကြုံခဲ့ဖူးတယ်။ သူတို့က ကျွန်တော်ကစားသမားဘဝမှာ အရေးပါခဲ့သလို ကြီးမားတဲ့ လွှမ်းမိုးမှုလည်း ရှိပါတယ်။ ကိုယ့်နည်းကိုယ်ဟန်နဲ့ လုပ်တာ အကောင်းဆုံးပါ။ တစ်ဦးချင်းစီရဲ့အကောင်းဆုံးကို ယူရမယ်။ ဂန္ထဝင်တွေ အများကြီးရှိတယ်။ သူတို့က ဘောလုံးမှာ အောင်မြင်မှုအားလုံးရယူခဲ့ကြတယ်။ သူတို့အားလုံးရဲ့ တစ်ဝက်လောက် လုပ်နိုင်ဖို့ မျှော်လင့်တယ်"လို့ ပြောကြားသွားပါတယ်။
အာဘီလိုအာဟာ ယခင် ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုနှင့် ရီးရဲလ်မက်ဒရစ်၊ လီဗာပူးနှင့် စပိန်လက်ရွေးစင်အသင်းတို့တွင် အတူတကွ ကစားခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် အာဘီလိုအာက ဇာဘီးအလွန်ဆိုနှင့်ကလပ်အကြား လမ်းခွဲလိုက်ကြောင်း သိရပြီးနောက် စကားပြောဆွေးနွေးခဲ့ကြောင်း ပြောကြားသွားပါတယ်။
အာဘီလိုအာဟာ ရီးရဲလ်မက်ဒရစ်ပထမဆုံးပွဲအဖြစ် ယနေ့ည အယ်ဘာစီတီနှင့် စပိန်ကိုပါဒယ်ရေးဖလားပွဲအား ကြီးကြပ်ရပါမယ်။

image