မန်ယူအသင်းရဲ့ ယာယီနည်းပြသစ် ကာရစ် အသင်းကို ဒီနေ့ စတင်လေ့ကျင့်ပြင်ဆင်မယ်
မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ခံလိုက်ရပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟောင်း မိုက်ကယ်ကာရစ်ဟာ အသင်းကို ဒီနေ့ စတင်လေ့ကျင့်ပြင်ဆင်မယ်လို့ သိရပါတယ်။
မန်ယူအသင်းက ကာရစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ကြောင်း မနေ့က အတည်ပြုကြေညာခဲ့တာဖြစ်ပြီး ဘောလုံးဒါရိုက်တာ ဂျေဆင်ဝီလ်ကော့စ်က ''မိုက်ကယ်က ထူးချွန်တဲ့ နည်းပြတစ်ယောက်ပါ။ မန်ယူအသင်းအတွက် နိုင်ပွဲတွေ ရယူပေးနိုင်မှာ သေချာပါတယ်။ ကျွန်တော်တို့ အသင်းကို ဆက်လက်တည်ဆောက်သွားပြီး ပုံမှန်အတိုင်း ရှေ့ဆက်နိုင်အောင် လုပ်ဆောင်သွားမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။
ကာရစ်ကတော့ ''ကစားသမားတွေကို သူတို့ရဲ့ အဆင့်အတန်းရောက်ရှိအောင် ကူညီပေးနိုင်ဖို့ ကျွန်တော် အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့ ရာသီအရှည်ကြီး ကျန်နေပါသေးတယ်။ အားလုံးအတူတကွ ပူးပေါင်းလုပ်ဆောင်သွားဖို့ အသင့်ဖြစ်နေပြီး အသင်းကို သစ္စာရှိစွာအားပေးနေကြတဲ့ ပရိသတ်တွေနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်အောင် ကြိုးစားသွားမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။
ကာရစ်ဟာ မန်ယူအသင်းမှာ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ယာယီနည်းပြအဖြစ် (၃)ပွဲ တာဝန်ယူခဲ့ဖူးပါတယ်။
မန်ယူအသင်းက နည်းပြ အာမိုရင်မ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် ခန့်အပ်မှုကို လာမယ့်နွေရာသီမှ ပြုလုပ်ဖို့ စီစဉ်ထားပြီး ကာရစ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ပေးလိုက်တာဖြစ်ပါတယ်။
ကာရစ်ဟာ သူ့ရဲ့နည်းပြအဖွဲ့ဝင်စာရင်းမှာ စတိဗ်ဟော်လန်၊ ဝုဒ်ဂိတ်၊ ဂျွန်နီအီဗန်စ်နဲ့ ထရာဗစ်ဘင်နီယွန်တို့ကို ထည့်သွင်းဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။
မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ကာရစ် စတင်ရင်ဆိုင်ရမှာက မန်ချက်စတာဒါဘီပွဲဖြစ်ပြီး နောက်ပွဲက အာဆင်နယ်နဲ့ဖြစ်ကြောင်း သိရပါတယ်။