17 ပတ် - ဘာသာပြန်ပါ။

ဘယ်သူ့ ဘဝပဲဖြစ်ဖြစ်
အဆင်ပြေနေတယ် ဆိုတာ
တစ်ခဏမျှသာ ဖြစ်တယ်။
နောက်ဆုံးမှာ အခက်အခဲတွေနဲ့
ရင်ဆိုင်သွားရတဲ့ ဘဝတွေချည်းပဲ။
ဘဝဟာ ကျေနပ်စရာ မကောင်းတဲ့
အနေအထားတွေ ရှိသလို
ကျေနပ်စရာ ကောင်းတာလည်း
မရှိဘူးတော့ မဟုတ်ပါဘူး။ ရှိပါတယ်။
ဘဝဟာ အဆိုးချည်းပဲတော့ မဟုတ်ဘူး။
အကောင်းလည်း ရှိတယ်။ အကောင်းရှိလို့
လူတွေက ဘဝမှာ ပျော်ရွှင်နေကြတယ်ပေါ့။
ဒါဖြင့် ဘဝဟာ ....
ကျေနပ်စရာချည်းပဲလားဆိုတော့ မဟုတ်ဘူး။
အပြစ်အနာအဆာတွေကလည်း အများကြီး
အခက်အခဲတွေကလည်း အများကြီး ရှိတယ်။
ဒါကြောင့်မို့ ...
သူတော်စင်ပုဂ္ဂိုလ်တွေကျတော့
ဘဝကို ငြီးငွေ့သွားကြတယ်ပေါ့။
ဘဝက လွတ်အောင် ကြိုးစားသွားကြတာ။
ဘဝမှာ ကျေနပ်စရာ ဘာတွေလဲဆိုတော့ ...
မိမိတို့ဘဝမှာ အဆင်ပြေနေတာတွေ ရှိတယ်။
မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေကြတယ်။
စီးပွားဥစ္စာတွေ အဆင်ပြေနေတယ်။
ကျန်းမာရေးလည်း ပြေလည်တယ်။
ဒီလိုမိသားစု အဆင်ပြေနေပြီဆိုရင်
စိတ်ချမ်းသာမှုကို မရဘူး မဟုတ်ဘူး ရကြတယ်။
အဲ့ဒီလို ရတာဟာ ဘဝအတွက်
ကျေနပ်စရာလေးတစ်ခုပဲ။
နောက်တစ်ခု ပြောမယ်ဆိုရင်
ဘဝကို အရင်းတည်ပြီးတော့
ကုသိုလ်ကောင်းမှုတွေ လုပ်ခွင့်ရတာလည်း
ဘဝနဲ့ပတ်သက်ပြီး ကျေနပ်စရာလို့
ဒီလိုပြောရမယ်။
ဒါဖြင့် မကျေနပ်စရာ စိတ်ပျက်စရာက
ဘာတွေလဲဆိုတော့ ...
ဟောဒီဘဝကြီးဟာ မတည်မြဲဘူး။
နုပျိုနေရာက အိုမင်းရင့်ရော်ပြီးတော့ သွားတယ်။
ကျန်းမာနေရာက မကျန်းမမာ ဖြစ်လာတယ်။
အသက်ရှင်ရာကနေ နောက်ဆုံး
ဘဝတစ်ခု စွန့်ခွာသွားရတယ်။
မိမိမြတ်နိုးတဲ့ ပစ္စည်းဥစ္စာ
မိမိချစ်ခင်တဲ့ ပုဂ္ဂိုလ်တွေ ခွဲခွာပြီးတော့
သွားရတယ်ဆိုတာ။
ဘဝရဲ့အဆိုးတရားပဲ ဖြစ်ပါတယ်။
ဘဝဆိုတာကိုတော့ ...
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က
ဘယ်တော့မှ မချီးမွမ်းဘူး။
ဘယ်လောက် တိုတောင်းတဲ့
အချိန်ပိုင်းလေးရတဲ့ ဘဝဖြစ်ဖြစ်
ရှည်လျားတဲ့ ဘဝမျိုးပဲဖြစ်ဖြစ် ဘယ်ဘဝကိုမှ
မြတ်စွာဘုရားက မချီးမွှမ်းဘူး။
ဘုရားက ဥပမာပေးထားတာ အလွန်ထင်ရှားတယ်။
လူတွေရဲ့ မစင်အညစ်အကြေးဟာ
နည်းနည်းလေးလည်း အနံ့ဆိုးတာပဲ။
အများကြီးမှ အနံ့ဆိုးတာ မဟုတ်ဘူး။
ဘဝဟာလည်းပဲ တစ်ခဏလေးရတဲ့
ဘဝဟာလည်းပဲ ဒုက္ခဖြစ်တာပဲ။
ဒီလိုဆိုတာပေါ့နော်။
ဒါကြောင့်မို့လို့ ဘဝအပေါ်မှာ
သံဝေဂစိတ်နဲ့ ရှု့မြင်သုံးသပ်တပ်ဖို့
လိုအပ်တယ်ပေါ့။
ဒီလို အန္တရာယ်တွေများနေတဲ့ ဘဝခရီးကို
လျှောက်လှမ်း နေကြရတဲ့အခါမှာ ထိုဘဝကနေ
ကောင်းမြတ်တဲ့အရာတွေ မရယူနိုင်ဘူးဆိုရင်
ဘဝဟာ အရှုံးနဲ့ပဲ ပိသွားမယ်။
ဒါကြောင့်မို့ အဲ့ဒီလို မဖြစ်ကြရအောင်
ကိုယ့်ဘဝကိုယ် ဆင်ခြင်သုံးသပ်ပြီး
ဘဝရိက္ခာအတွက် မြတ်စွာဘုရားဟောကြားတဲ့
ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တွေ
မိမိတို့သန္တာန်မှာ ရနိုင်သလောက် စုဆောင်းပြီး
ဘဝခရီးကို သွားတဲ့ပုဂ္ဂိုလ်တွေကျတော့
အခက်အခဲတွေဟာ နည်းသွားလိမ့်မယ်ပေါ့။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
( ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ )
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

image