1 ရက် - ဘာသာပြန်ပါ။

ပြည်ပသွားမယ့် အလုပ်သမားတွေ ခွင့်ပြုချက်စာရင်းပါမှ ထွက်ခွာခွင့်ရမယ်

ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်မယ့် အလုပ်သမားတွေအနေနဲ့ အလုပ်သမား ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်စာရင်းမှာ ပါမှသာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာခွင့် ရရှိတော့မှာဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက မနေ့ ဇန်နဝါရီ ၁၁ ရက်က အသိပေး ထုတ်ပြန်ထားပါတယ်။
မြန်မာအလုပ်သမားတွေ ပြည်ပနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ခြင်း၊ ခွင့်နဲ့ ပြန်လာခြင်းတွေအတွက် ပြည်ပပြန်လည် ထွက်ခွာလိုပါက အရင်က အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနကို အီးမေးလ် ပေးပို့ကာ ထွက်ခွာခွင့် ပြုထားတာဖြစ်ပေမယ့် ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မှ စတင်ကာ အဲဒီစနစ်ကို ပြောင်းလဲလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
“အရင်တုန်းကတော့ အဲဒီ အချက်အလက်တွေကို အီးမေးလ်ကနေ ပို့ခိုင်းတယ်။ ပြီးရင် သူတို့က Safe Migration Telegram Channel မှာ ပြန်ချပေးတယ်။ ထွက်ခွာခွင့်ပြုပါသည် ဆိုပြီးတော့။ ဒါပေမယ့် ‌၂၀၂၅ ခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာလတုန်းကတော့ သူတို့မှာ ဝန်ထမ်းမရှိလို့လားမသိဘူး၊ ပြန်မချပေးဘူး။ ဒါပေမယ့် အဲဒီ အီးမေးလ်ပို့ထားတဲ့ အကြောင်းကို လေဆိပ်မှာ Screen shot ကို ပြလိုက်ရင် ထွက်လို့ရပြီ” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ငန်းကိုင်သူ တယောက်က ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီ ပြည်ပထွက်ခွာခွင့်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အီးမေးလ် မပို့ရတော့ဘဲ အပြင်မှာ ကော်ပီဆွဲကာ နေပြည်တော် အလုပ်သမားဝန်ကြီးဌာန ရုံးအမှတ် (၅၁) ကို လိပ်မူပြီး အမြန်ချောပို့နဲ့ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ မိမိကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ စသဖြင့် ပေးပို့ လျှောက်ထားရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒီအတွက် အလုပ်သမားပတ်စ်ပို့ (PJ)၊ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ကိုင်ဆောင်ထားသူတွေ၊ မိမိအစီအစဥ် (ကျွမ်းကျင်) အဆင့်နဲ့ OWIC ကတ်ကို ကိုယ်တိုင်လျှောက်ထား ရရှိထားသူတွေ၊ ခွင့်ပြန် OWIC ကတ် ပြုလုပ် ရရှိထားသူတွေနဲ့ OWIC ကတ် ရှိပြီး ခွင့်ပြန်လာတဲ့သူတွေအားလုံး ပေးပို့ လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ပြီးသွားရင် telegram ကနေ ပြန်ချပေးလိမ့်မယ်၊ ထွက်ခွာခွင့် ပြုပါသည် ဆိုပြီးတော့။ ဒါပေမယ့် သူတို့က ဘယ်လိုပေးမှာလဲတော့ မသိဘူး။ လေယာဉ်လက်မှတ်မှာ ပါတဲ့ date ကို ချပေးမှာလား၊ သူတို့ ချပေးချင်တဲ့ရက်ကို ချပေးမှာလား၊ အဲဒါတော့ မသေချာသေးဘူး။ ဒီနေ့တော့ ကျွန်တော်တို့ဆီကလူတွေ နေပြည်တော်ကို တင်ထားတယ်။ အနည်းဆုံးတော့ ငါးရက်လောက်တော့ ကြာမယ်ထင်တာပဲ။ ဘယ်လောက်ကြာနိုင်ဆိုတာ ဝန်ကြီးဌာနကို မေးပေမယ့်လည်း အတိအကျ ဘာမှ ပြန်မဖြေသေးဘူး” လို့ သူက ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနမှ ခွင့်ပြုချက် စာရွက်ရရှိပြီးပါက ပြည်ပ ထွက်ခွာခွင့်ကို telegram မှာ ပြန်ချပေးမှာဖြစ်ပြီး ဝန်ကြီးဌာနက ရရှိထားတဲ့ စာရွက်နဲ့ လေဆိပ်မှာရှိတဲ့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) ရဲ့ စာရွက်နဲ့ တိုက်ဆိုင် စစ်ဆေးကာ စာရင်းပါရင်တော့ ထွက်ခွာခွင့် ရရှိမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“OWIC ကတ် (ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်) လုပ်လည်း နေပြည်တော်ကို စာရွက်စာတမ်းတွေ ပို့ပေးရတာပဲ။ အခု OWIC ကတ် ရပြီးသွားရင်လည်း ထွက်ဖို့အတွက်ကို စာရွက်စာတမ်းတွေ ထပ်ပို့ပေးရတယ်။ နှစ်ခါဖြစ်သွားတာပေါ့” လို့ သူက ပြောပါတယ်။
အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ လက်ရှိ အသိပေးချက်ကို မနေ့ညပိုင်းကမှ ရုတ်တရက် ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်တဲ့အတွက် ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်၊ မနက်ပိုင်းမှာ ပြည်ပထွက်ခွာမယ့် အလုပ်သမားတွေအကုန် လေဆိပ်ကနေ လှည့်ပြန်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
“သူတို့က အဲဒီလိုမျိုး ချက်ချင်းကြီး လုပ်ချလိုက်တော့ လေယာဉ်က မနက်က အကုန်လုံးပဲ ထွက်ခွင့်မရတာ။ လူဦးရေ အားလုံးပေါင်း ဆိုရင်တော့ အယောက် ၆၀ လောက် ရှိလိမ့်မယ်။ ဘာလို့လဲဆို လေယာဉ် လေးစီး၊ ငါးစီးစာလောက် ရှိလိမ့်မယ်။ ဌာနဆိုင်ရာက ထုတ်ပြန်လိုက်တာ မနေ့ည ၉ နာရီခွဲ ဆိုတော့ ညပိုင်းက မသိလိုက်ကြဘဲ မနက် လေဆိပ်ရောက်မှ သိကြတာ” လို့ သူက ပြောပါတယ်။
‌အလုပ်သမား ဝန်ကြီးဌာနကို ပေးပို့ရမယ့် အချက်အလက်တွေကတော့ ပြည်ပထွက်ခွာခွင့်ပြုရန် လျှောက်လွှာ၊ Passport Copy ၊ OWIC ကတ် ရှေ့/နောက် Copy ၊ သက်ဆိုင်ရာနိုင်ငံ ဗီဇာ (ဒါမှမဟုတ်) အလုပ်လုပ်ခွင့် ပါမစ် Copy ၊ မြန်မာနိုင်ငံအဝင်တုံး Copy ၊ လေယာဉ်လက်မှတ် Copy ၊ ခွင့်ပြန်သမားတွေအတွက် (ခွင့်စာ Copy) တို့ ဖြစ်တယ်လို့ သိရပါတယ်။

image