အီရန်နဲ့ ကုန်သွယ်တဲ့နိုင်ငံတွေကို အခွန် ၂၅ ရာခိုင်နှုန်းကောက်မယ်လို့ ထရန့်ပြော
အီရန်နှင့် ကုန်သွယ်ရေးဆက်ဆံမှုရှိတဲ့ နိုင်ငံတွေမှ ကုန်ပစ္စည်းတွေအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ တတိယအပတ်ရောက်ရှိလာချိန်မှာ အီရန်အပေါ် ဖိအားပေးတဲ့ လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါတယ်။
ဒီလိုအခွန်ကောက်ခံမှုဟာ ချက်ချင်း အသက်ဝင်မယ်လို့ ထရန့်က ဆိုပါတယ်။ တရုတ်နိုင်ငံဟာ အီရန်ရဲ့ အကြီးဆုံးကုန်သွယ်ဖက်တွေဖြစ်ပြီး အဲဒီနောက်မှာတော့ အီရတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ တူရကီနဲ့ အိန္ဒိယတို့ ရှိနေပါတယ်။
ဘယ်နိုင်ငံက သွင်းကုန်တွေ အပြင်းထန်ဆုံးထိခိုက်မယ်ဆိုတာ အပါအဝင် အခွန်ကောက်ခံမှုတွေနဲ့ ပတ်သက်တဲ့ နောက်ထပ်အချက်အလက်တွေကို အိမ်ဖြူတော်က ထုတ်ပြန်ခြင်းမရှိပါဘူး။
အီရန်အစိုးရက ဆန္ဒပြသူတွေကို သတ်ဖြတ်ပါက စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်လို့ ထရမ့်က ခြိမ်းခြောက်ပြီးနောက် ယခုအခွန်ကောက်ခံမှုအသစ် ထွက်ပေါ်လာတာပါ။ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလီဗစ်ကတော့ အီရန်ကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ရေးရွေးချယ်မှုတွေ စားပွဲပေါ်မှာရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
အီရန်ငွေကြေး ရီယယ်တန်ဖိုး ကျဆင်းမှုအပေါ် ဒီဇင်ဘာလနှောင်းပိုင်းမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီနုတ်ထွက်ပေးရေးတို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။
အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (HRANA) ရဲ့အဆိုအရ အီရန်မှာ ဆန္ဒပြသူ ၅၀၀ နီးပါးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၈ ယောက် သေဆုံးကြောင်း အတည်ပြုထားပြီး သေဆုံးသူအရေအတွက် ဒီထက်များနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားထားကာ နောက်ထပ် ထောင်ပေါင်းများစွာကို ဖမ်းဆီးထားတယ် ဆိုပါတယ်။
ကြာသပတေးနေ့ ညနေပိုင်းမှစပြီး အင်တာနက်ဖြတ်တောက်မှုကြောင့် သတင်းအချက်အလက်တွေ ရယူဖို့နဲ့ အတည်ပြုဖို့တော့ ခက်ခဲနေပါတယ် ။ ဘီဘီစီအပါအဝင် အခြားနိုင်ငံတကာသတင်းဌာနအများစုဟာလည်း အီရန်နိုင်ငံအတွင်း သတင်းရယူနိုင်ခြင်းမရှိပါဘူး။
အီရန်ငွေကြေးဟာ ပြီးခဲ့တဲ့ နှစ်အတွင်း စံချိန်တင် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ပြီး ငွေကြေးဖောင်းပွမှု ၄၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ကာ ချက်ပြုတ်ဆီနဲ့ အသားကဲ့သို့ နေ့စဉ်သုံးပစ္စည်းတွေရဲ့ ဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။