ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေတဲ့ ယိုကီရေးစ်
====================

ဗစ်တာယိုကီရေးစ်ဟာ ခြေစွမ်းမှတ်တမ်းအချက်အလက်များအရ ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံတိုက်စစ်မှူးများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေကြောင်း တွေ့ရပါတယ်။
နွေရာသီတုန်းက အာဆင်နယ်သို့ ပေါင် ၆၄ သန်းဖြင့် ရောက်လာတဲ့ အသက် ၂၇ နှစ်ရှိ ဆွီဒင်တိုက်စစ်မှူးဟာ အမ်းမရိတ်သို့ ပရီးမီးယားလိဂ်ဖလား သယ်ဆောင်လာရေး နောက်ဆုံးဖြည့်တင်းလာတဲ့ လက်နက်တစ်ခုလို့ ယုံကြည်ခဲ့ရသူပါ။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၆ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ပါတယ်။
ဒါပေမယ့် ယိုကီရေးစ်ကတော့ အာဆင်နယ်ရဲ့ ယင်းသို့ အမှတ်ပေးဇယားဦးဆောင်ထားရာမှာ အဓိကနေရာမှ ပါဝင်ကူညီထားသူတော့ မဟုတ်ပါဘူး။
စပို့တင်းတိုက်စစ်မှူးဟောင်းဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲ ၁၅ ပွဲကစားထားရာမှာ Open Play မှ တဆင့် ၁ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။
သူဟာ အရပ်‌ ၆ ပေ၊ ၄ လက်မ ရှိပေမယ့်လည်း ပြိုင်ဘက်ခံစစ်မှူးများကို ဒုက္ခပေးနိုင်ခြင်း မရှိတာ တွေ့ရပါတယ်။
သူဟာ ပြိုင်ဘက်ကစားသမားနှင့် တစ်ဦးချင်း ရင်ဆိုင်ရာမှာ တစ်ပွဲလျှင် ပျမ်းမျှ ၃.၀၆ ကြိမ်နှုန်းသာ ရပ်တည်နေပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် အနည်းဆုံး မိနစ် ၈၀၀ ကစားထားတဲ့ တိုက်စစ်သမား ၅၃ ဦးစာရင်းမှာ အဆင့် ၄၆ မှာသာ ရပ်တည်ထားနိုင်ပါတယ်။
သူဟာ အရပ်အမောင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပေမယ့်လည်း တစ်ပွဲလျှင် ပျှမ်းမျှ ခေါင်းယှဉ်တိုက်ရာမှာ အောင်မြင်မှု ၁.၃၂ ကြိမ်တည်းသာ ရှိတဲ့အထိ ဆိုးရွားကာ အဆင့် ၂၄ မှာ ရပ်တည်နေပါတယ်။
သူဟာ အရပ်အမောင်းကောင်းတဲ့တိုက်စစ်မှူးဖြစ်ပေမယ့်လည်း ခေါင်းတိုက်သွင်းဂိုး တစ်ဂိုးမျှလည်း ရယူထားနိုင်ခြင်း မရှိပြန်ပါဘူး။
သူက ခေါင်းတိုက်မကောင်းသလို ကစားဖော်များနှင့် ချိတ်ဆက်ကစားရမှာ ပိုတောင်ဆိုးနေပါသေးတယ်။
သူဟာ ဒီတစ်ရာသီလုံး ပြိုင်ပွဲအရပ်ရပ်မှာ ကစားဖော်များ ဂိုးသွင်းနိုင်အောင် တစ်ကြိမ်မျှတောင် ဖန်တီးပေးထားနိုင်ခြင်း မရှိပြန်ပါဘူး။
အခြားမှတ်တမ်းကို ကြည့်လိုက်ပြန်လည်း စိတ်ပျက်စရာပါ။
တစ်ပွဲပျမ်းမျှ ဘောလုံးထိမှု ၂၄.၃၈ ကြိမ်သာ ရှိကာ ပရီးမီးယားလိဂ်တိုက်စစ်သမား ၅၃ ဦးစာရင်းတွင် အဆင့် ၅၁ ချိတ်ပါတယ်။
ဒါပေမယ့် ဧရိယာအတွင်း ဘောလုံးထိမှုကလည်း ၆.၂၅ ကြိမ်တည်းရှိကာ အဆင့် ၇ နေရာမှာ ရပ်တည်ထားနိုင်ပါတယ်။ ဒါပေမယ့် ယင်းထိမှုကနေ ဂိုး (သိ့မဟုတ်) ဖန်တီးမှုအဖြစ် ပြောင်းလဲထားနိုင်ခြင်း မရှိပါဘူး။
လီဗာပူးနှင့် သရေကျတဲ့ပွဲမှာဆို သူဟာ စစုပေါင်း ဘောလုံးထိမှု ၈ ကြိမ်တည်းသာ ရှိခဲ့ပါတယ်။ ယင်းမှ တစ်ကြိမ်က စပေးဘောကနေ ထိခဲ့တာပါ။
သူ့ရဲ့ ဘောလုံးပေးပို့မှု မှတ်တမ်းကို ကြည့်လိုက်ပြန်တော့လည်း စိတ်ပျက်စရာပါ။
အောင်မြင်တဲ့ဘောလုံးပေးပို့မှု တစ်ပွဲပျမ်းမျှ ၆.၇၄ ကြိမ်သာ ပြုလုပ်ထားနိုင်ပြီး အဆင့် ၅၁ မှာ ရပ်တည်နေပါတယ်။ လိမ်ခေါက်ကျော်ဖြတ်နိုင်နှုန်းကလည်း တစ်ပွဲပျမ်းမျှ ၀.၃၅ ကြိမ်သာ ရပါတယ်။

image