2 ပတ် - ဘာသာပြန်ပါ။

စပိန်စူပါဖလားချန်ပီယံဘွဲ့အား ဘာစီလိုနာ ဆက်လက်ထိန်းသိမ်းလာ
====================

ဘာစီလိုနာဟာ ဆော်ဒီတွင် ရီးရဲလ်မက်ဒရစ်အား ၃-၂ ဖြင့် အနိုင်ရကာ စပိန်စူပါဖလားအား ၂ ကြိမ်ဆက် ဆွတ်ခူးလာပါတယ်။
ဘာစီလိုနာဟာ စပိန်စူပါဖလားအား ၁၆ ကြိမ်မြောက် ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။ ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ရီးရဲလ်မက်ဒရစ်ကိုပင် အနိုင်ယူကာ စပိန်စူပါဖလား ဆွတ်ခူးခဲ့တာပါ။
ဘာစီလိုနာဟာ ပွဲချိန် ၃၆ မိနစ်မှာ ရာဖင်ညာရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်းအချိန်ပို ၄၅+၂ မိနစ်မှာ ဗီနီရှပ်စ်က ဂျူးစ်ခွန်ဒီကို ပေါင်ကြားအောက်က ထည့်ပြီး လှပစွာ ကျော်ဖြတ်ကာ အဝေးထောင့်သို့ ကန်ပြီး ချေပဂိုးသွင်းခဲပါတယ်။
ဗီနီရှစ်ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ နောက်ပိုင်း နောက်ဆုံး ၁၇ ပွဲတွင် ပထမဆုံးဂိုးသွင်းလာခဲ့တာပါ။
ဒါပေမယ့် ပထမပိုင်းအချိန်ပိုမှာပင် ၄၅+၄ မိနစ်မှာ ရောဘတ်လီဝန်ဒေါစကီးက ပီဒရီရဲ့ ခင်းပေးမှုကနေ အသာမပြီး ဘာစီလိုနာအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပင် ၄၅+၆ မိနစ်မှာ ဒိန်းဟူဆင်ရဲ့ ခေါင်းတိုက်ချက် တိုင်ထိထွက်လာရာကနေ ဂွန်ဇာလိုဂါစီယာက ပိတ်ပြီး ချေပဂိုးသွင်းခဲ့ပါတယ်။ ချေပဂိုးပေးလိုက်ရချိန်မှာ ဘာစီလိုနာနည်းပြဟန်ဆီဖလစ်ဟာ ပွဲသိမ်းခရာမှုတ်ပြီးပြီဆိုပြီး စောဒကတက်ခဲ့ပါတယ်။
ဒုတိယပိုင်း ၇၃ မိနစ်မှာ ရာဖင်ညာက ဧရိယာအစပ်ကနေ ကန်သွင်းပြီး ဘာစီလိုနာအတွက် အနိုင်ဂိုး ရယူခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ ဖရီကီဒီယွန်ဟာ ဒူးဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာခါစဖြစ်တဲ့ လူစားဝင်ကစားတဲ့ ကိုင်လီယန်ဘက်ပေးကို ကြမ်းတမ်းစွာဖျက်ထုတ်ကစားလို့ အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ပွဲနှောင်းပိုင်းမှာ ဘာစီလိုနာဘက်က ရက်ဖို့ဒ် အပိုင်အခွင့်အရေး ရခဲ့သလို ရီးရဲလ်မက်ဒရစ်ဘက်က အယ်ဗာရိုကာရီရက်စ်၊ ရာအူးလ်အဆန်စီယိုတို့ အပိုင်အခွင့်အရေး ရခဲ့ကြပေမယ့် အသုံးမချနိုင်ခဲ့ကြပါဘူး။
ဘာစီလိုနာဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စပိန်စူပါဖလား ၂ ကြိမ်ဆက်ဆွတ်ခူးလာပါတယ်။
ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်နိုင်ပွဲကြောင့် ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲဆက် နိုင်ပွဲ ရရှိလာပါတယ်။ ၎င်းတို့ဟာ နိုဝင်ဘာလတုန်းက ချန်ပီယံလိဂ်မှာ ချဲလ်ဆီးကို ရှုံးနိမ့်ပြီးနောက် ဆက်တိုက်နိုင်ပွဲ ရရှိလာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ၎င်းတိုဟာ အောက်တိုဘာလ ၂၆ ရက်နေ့တုန်းက El Clasico မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီးနောက် စပိန်ပြိုင်ဘက်အသင်းများကို ရှုံးနိမ့်လာခြင်း မရှိပါဘူး။

image