အမိုရမ်လက်အောက်တွင် စိတ်ပျက်စရာ ရာသီအား ဝေဖန်ကာ ရာသီသစ်ပစ်မှတ်အား ယူနိုက်တက်စတားများကို ပြောကြားလာတဲ့ ဘောလုံးဒါရိုက်တာဝဲလ်ကော့စ်
====================
ယူနိုက်တက်စတားများက ယခုရာသီ ကလပ်ရဲ့ ပစ်မှတ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်ကြောင်း ပြောကြားခြင်း ခံလာရပါတယ်။
ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်ဟာ တနင်္လာနေ့တုန်းက ရူဘင်အမိုရမ်အား ထုတ်ပယ်လိုက်ပြီးနောက် ကစားသမားများအား ယခုရာသီမှာ စိတ်ပျက်စရာအလွန်ကောင်းတဲ့ရာသီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဂျေဆင်ဝဲလ်ကော့စ်ဟာ ကစားသမားများအား ယခုရာသီ အဓိကပစ်မှတ်အဖြစ် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး အစွမ်းကုန် တိုက်ပွဲဝင်ကြရန် တိုက်တွန်းသွားပါတယ်။
ယူနိုက်တက်ဟာ ရမှတ် ၃၂ မှတ်ဖြင့် အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၅ ရပ်တည်ရုံဖြင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရလာဖို့ ရှိနေပါတယ်။
ယူနိုက်တက်အတွင်းလူတစ်ဦးက "အမိုရမ် ထွက်သွားပြီးတဲ့နောက် ဝဲလ်ကော့စ်ဟာ ကစားသမားတွေနဲ စကားပြောခဲ့တယ်။ ဒီရာသီက စိတ်ပျက်စရာ အလွန်ကောင်းတဲ့အကြောင်း ပြောခဲ့တယ်။ ဒါပေမယ့် ကစားသမားတွေကို စည်းစည်းလုံးလုံးနဲ့ ရာသီဝက်မှာ ခြေစွမ်းကောင်းတချို့ ပြသနိုင်ရေး ကြိုးပမ်းဖို့ တိုက်တွန်းခဲ့တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးက ပစ်မှတ်ပါ။ ဒါကိုပဲ အဓိကပြောသွားတာ။ သူပြောချင်တာက ဒါပါ"လို့ ဆိုသွားပါတယ်။
တဖက်တွင် ယူနိုက်တက်ကစားသမားအချို့တို့ဟာ အမိုရမ် ထွက်ခွာသွားပြီးနောက် အသင်းရဲ့ ခြေစွမ်းနှင့် ရလဒ်ပိုင်း ပိုကောင်းမွန်လာလိမ့်မယ်လို့ ယုံကြည်နေကြကြောင်းလည်း သိရပါတယ်။
အမိုရမ်လက်အောက်တွင် ယူနိုက်တက်တွင် နေရာအပျောက်ဆုံးကစားသမားက ကိုဘီမိုင်နူး ဖြစ်ပါတယ်။
နွေရာသီတုန်းက ထွက်ခွာဖို့ ကြိုးပမ်းဖူးတဲ့ ကိုဘီမိုင်နူးဟာ အမိုရမ် မရှိတော့တဲ့နောက် ယူနိုက်တက်ရေရှည်အနာဂတ်နှင့်ပတ်သက်ပြီး အာရုံစိုက်လာပြီလည်း ဖြစ်ပါတယ်။
သူဟာ ယူနိုက်တက်တွင် တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀ သာ ရရှိနေသူ ဖြစ်ပြီး အမိုရမ် လက်အောက်တွင် နေရာပျောက်မှုကြောင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှု ရပ်ဆိုင်းခဲ့ရပါတယ်။
တဖက်တွင် အစောပိုင်း သတင်းများအရ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်မှာ ယူနိုက်တက်ရဲ့ ဖရိုဖရဲဖြစ်နေတဲ့အခြေအနေကြောင့် ရာသီအကုန်တွင် ထွက်ခွာလာနိုင်ကြောင်း သိရပါတယ်။