ဖိလစ်ပိုင်တွင် အမှိုက်ပုံပြိုကျမှုကြောင့် လူတစ်ဦးသေပြီး ၃၈ ဦးပျောက်ဆုံး
ဖိလစ်ပိုင်အလယ်ပိုင်း၌ အမှိုက်ပုံကြီးတစ်ခု ဇန်နဝါရီ ၈ ရက်က ပြိုကျခဲ့ပြီးနောက် အသက်(၂၂)နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးကာ လူ ၃၈ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောသည်။
ကယ်ဆယ်ရေး သမားများသည် စီဘူးမြို့ရှိ ဘီနာလီဝူး အမှိုက်ပုံပြိုကျမှုတွင် ဒဏ်ရာရရှိသော သန့်ရှင်းရေး လုပ်သား ၁၂ ဦးကို အပျက်အစီးများထဲမှ ဆွဲထုတ်ခဲ့ပြီး နောက်ပိုင်းတွင် ဆေးရုံတင်ထားရသည်။
သေဆုံးသူအများစုသည် အမှိုက်ပုံတွင် အလုပ်လုပ်သူများဟု ယုံကြည်ရသည်။ပြိုကျရသည့် အကြောင်းရင်း ကိုမသိရသေးပေ။ အစိုးရအေဂျင်စီများနှင့် အရပ်ဘက်အဖွဲ့များက လူ ၃၀၀ခန့်ကို ပုဂ္ဂလိကပိုင် အမှိုက်ပုံသို့ စေလွှတ်ထားသည်။
မြေတူးစက်များ၊လူနာတင်ယာဉ်များနှင့် မီးသတ်ကားများစွာလည်း ရောက်ရှိနေသည်။ကယ်ဆယ်ရေးအဖွဲ့ အားလုံးသည် ကျန်ရှိနေသော ပျောက်ဆုံးနေသူများကို ရှာဖွေရန်နှင့် ပြန်လည်ကယ်ထုတ်ရေး လုပ်ငန်းများ တွင် အပြည့်အဝ ပါဝင်ဆောင်ရွက်နေကြဆဲ ဖြစ်သည်ဟု စီဘူးမြို့တော်ဝန် နက်စတာအာချီဗယ်က ပြောသည်။
စီဘူးမြို့တော် ကောင်စီဝင်ဂျိုးလ်ဂါဂါနီရာကမူ အဆိုပါဖြစ်ရပ်သည် ရုတ်တရက် ဖြစ်ပွားခဲ့သော်လည်း ညံ့ဖျင်းသော အမှိုက်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကြောင့် ဖြစ်နိုင်ကြောင်း ပြောသည်။ အဆိုပါ အမှိုက်ပုံသည် ၂၅ ဧက ကျယ်ဝန်းကြောင်းသိရသည်။