2 ရက် - ဘာသာပြန်ပါ။

၂၀၂၅ ခုနှစ်၌ မူးယစ်ဆေးဝါး ကျပ်ဘီလီယံ ၇၀၀ ကျော်ဖိုး တိုးမြှင့်ဖမ်းဆီးနိုင်ခဲ့
----------------------------

၂၀၂၅ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးမှာ ငွေကျပ် ၁၇၆၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ် ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပြီး အရင် ၂၀၂၄ ခုနှစ်ထက် ကျပ်ဘီလီယံ ၇၀၀ ကျော် တိုးမြှင့်ဖမ်းဆီးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်အတွင်းက မူးယစ်ဆေးဝါးဖမ်းမိမှုအနေနဲ့ ဘိန်းတစ်တန်ကျော်၊ ဘိန်းဖြူ ၂ ဒသမ ၁ တန်ကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၇၇ သန်းကျော်၊ အိုက်စ် ၃၇ ဒသမ ၈ တန်ကျော်၊ ဘိန်းစာရွက် ၁ ဒသမ ၅ တန်ကျော်၊ Happy Water ၂၀၄ ကီလိုကျော်၊ ကတ်တမင်း ၁၅ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးတွေနဲ့ အတူ မောင်းပြန် ရိုင်ဖယ် နှစ်လက်၊ ပစ္စတိုသေနတ် အလက် ၄၀၊ လုပ်သေနတ် နှစ်လက်၊ ကျည်မျိုးစုံ ၂၇၆၄ တောင့်၊ လက်ပစ်ဗုံး ငါးလုံးနဲ့ ဒီတိုနေတာမျိုးစုံ အချောင်း ၁၈၇၄၀၀ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုဖို့ တရားမဝင် တင်သွင်းလာတဲ့ ထိန်းချုပ်ဓာတုပစ္စည်း Caffeine ၂၂ ဒသမ ၇ တန်ကျော်၊ Acetone လီတာ ၉၆၀ ၊ Toluene လီတာ ၅၀၄၀ ကျော်၊ Ammonium Chloride ငါးတန် အပါအဝင် ထိန်းချုပ်ဓာတုပစ္စည်းတွေနဲ့ အခြားဓာတုပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ် ဆေးဝါး အမှုပေါင်း (၅၃၇၀) နဲ့ ကျူးလွန်သူ (၇၅၆၂)ယောက်ကို ဖမ်းဆီးရမိခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါ ရှိပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ ပုံတတ်ကျေးရွာအနီးမှာ ဘိန်းချက်စခန်းတစ်ခုနဲ့ ဆက်စပ် ပစ္စည်းတွေ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲ (အောက်)ကျေးရွာ အနီးမှာ စိတ်ကြွရူးသွပ် ဆေးပြား ထုတ်လုပ်တဲ့ စခန်းနှစ်ခုနဲ့ ဆက်စပ်ပစ္စည်းတွေ၊ တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းမွန် ကျေးရွာရှိ နေအိမ် ကနေ ဆေးပြားရိုက်စက်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၅-၂၀၂၆ ဘိန်းစိုက်ရာသီမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ ဘိန်းစိုက်ခင်းတွေ ကို တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ဆက်စပ်ဌာနဆိုင်ရာတွေ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်တွေ၊ ဒေသခံ ပြည်သူ့ လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်ရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ ဘိန်းစိုက်ခင်း စုစုပေါင်း ၅၀၈၄ ဒသမ ၅ ဧကကို ဖျက်ဆီးနိုင်ခဲ့ပြီး ဆက်လက်ဖျက်ဆီးတာတွေ ဆောင်ရွက်နေတယ်လို့လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

image