ဂျပန်ရွေးကောက်ပွဲကို စော၍ ကျင်းပဖွယ်ရှိ
ဂျပန်ဝန်ကြီးချုပ် ဆာနအဲ တာကာအိချီသည် ရွေးကောက်ပွဲကို စော၍ ကျင်းပဖွယ်ရှိကြောင်း သူ့ပါတီ၏ ညွန့်ပေါင်းမိတ်ဖက်ပါတီ ခေါင်းဆောင်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၏ ပရိသတ်တစ်ဦးဖြစ်ကာ ဂျပန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်သော ကွန်ဆာဗေးတစ် တာကာအိချီအတွက် မဲဆန္ဒရှင်များနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရမည့်ရွေးကောက်ပွဲဖြစ်သကဲ့သို့ အောက်တိုဘာလတွင် ရာထူးတာဝန်စတင်ထမ်းဆောင်ပြီးနောက်ပိုင်း ရရှိထားသော ခိုင်မာသောလူထုထောက်ခံမှုကို အသုံးချနိုင်မည့် အခွင့်အရေးဖြစ်သည်။
တရုတ်နိုင်ငံနှင့် ပတ်သက်၍ သူ၏ ပြင်းထန်သော ရပ်တည်ချက်သည် လက်ယာယိမ်း မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ခဲ့သော်ငြားလည်း ဂျပန်၏ အင်အားကြီး အာရှအိမ်နီးချင်းနှင့် ကြီးမားသော သံတမန်ရေးအငြင်းပွားမှုကို ဖြစ်ပေါ်စေခဲ့သည်။
အီရှင်ဟု သိကြသည့် ဂျပန် အင်နိုဗေးရှင်းပါတီ ခေါင်းဆောင် ဟီရိုဖူမီ ယိုရှီမူရာက သောကြာနေ့တွင် သူသည် တာကာအိချီနှင့် တွေ့ဆုံခဲ့ကြောင်းနှင့် သူ၏ ရွေးကောက်ပွဲအချိန်ကာလဆိုင်ရာ အမြင်သဘောထားသည် အဆင့်သစ်တစ်ခုသို့ ရွေ့သွားသည်ဟု ယူဆကြောင်း အင်န်အိပ်ချ်ကေကို ပြောကြားခဲ့သည်။
“မီဒီယာတွေက ဖော်ပြနေတဲ့အတိုင်း သူ ဆုံးဖြတ်ချက်ချခဲ့မယ်ဆိုရင် ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး” ဟု ယိုရှီမူရာက ပြောကြားခဲ့သည်။ တာကာအိချီသည် ဖေဖော်ဝါရီ ၈ ရက် သို့မဟုတ် ၁၅ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် တာကာအိချီ စဉ်စားနေကြောင်း ယိုမီယူရီသတင်းစာက အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ သောကြာနေ့တွင် သတင်းဖော်ပြခဲ့သည်။
ယိုရှီမူရာကမူ သူနှင့် တာကာအိချီတို့သည် ရွေးကောက်ပွဲများ ကျင်းပမည့်အချိန်နှင့်ပတ်သက်၍မူ ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ပြောသည်။
ကြာသပတေးနေ့တွင် အင်န်အိပ်ချ်ကေနှင့် အင်တာဗျူးတွင် ရွေးကောက်ပွဲကျင်းပမည့် အချိန်ကာလနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင်မူ တာကာအိချီကာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ကြောင်း သိရသည်။