တရုတ်ကအာကာသထဲသို့ဂြိုဟ်တု ၂၀၀,၀၀၀ လွှတ်တင်ရန် လျှောက်ထား

အီလွန်မတ်စ်၏ စပေ့အိတ်စ် ကုမ္ပဏီသည် မျှဝေသုံးစွဲရသည့် ပတ်လမ်းအရင်းအမြစ်များကို ဖောင်းပွအောင် လုပ်ဆောင်နေသည်ဟု တရုတ်က စွပ်စွဲခဲ့ပြီးနောက် တရုတ်ကုမ္ပဏီများက အင်တာနက်ဂြိုဟ်တုပေါင်း ၂၀၀,၀၀၀ ကျော် လွှတ်တင်မည့် အစီအစဉ် ကုလသမဂ္ဂအေဂျင်စီတစ်ခုထံ တင်ပြခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်လကုန်ပိုင်းက တရုတ်ဂြိုဟ်တုလုပ်ငန်းရှင်အသီးသီးထံမှ တင်ပြချက်ပေါင်း တစ်ဒါဇင်ခန့်ကို အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေး အဖွဲ့ထံသို့ ပေးပို့ခဲ့သည်။
အကြီးမားဆုံး စီမံကိန်းများဖြစ်သည့် စီတီစီ-၁နှင့် စီတီစီ-၂ တို့သည် တစ်ခုလျှင် ဂြိုဟ်တု ၉၆,၇၁၄ လုံးစီအတွက် ဖြစ်ကာ အသစ်တည်ထောင်လိုက်သော ရေဒီယိုလှိုင်းစဉ် အသုံးချမှုနှင့် နည်းပညာဆန်းသစ်တီထွင်မှုဆိုင်ရာ အဖွဲ့အစည်းက တင်ပြခဲ့ခြင်းဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း အမေရိကနှင့် တရုတ်တို့သည် အင်တာနက်ဂြိုဟ်တု အုပ်စုကြီးများ လွှတ်တင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလာကြရာ အမေရိကန်အခြေစိုက် စပေ့အိတ်စ်သည် ၎င်း၏ စတားလင့်ခ် ဂြိုဟ်တုများဖြင့် သိသိသာသာ ရှေ့ပြေးနေသည်။ စတားလင့်ခ်သည် ကမ္ဘာ့အနိမ့်ပိုင်း ပတ်လမ်းရှိ ဂြိုဟ်တုအများစုကို ပိုင်ဆိုင်ထားပေသည်။ သို့သော် ရေဒီယိုလှိုင်းနှုန်းစဉ်များနှင့် ပတ်လမ်းနေရာများသည် အကန့်အသတ်ရှိနေပြီး ဦးဦးဖျားဖျား လုပ်ဆောင်နိုင်သူများက အဆိုပါအရင်းအမြစ်များအသုံးပြုရန် ဦးစားပေးအခွင့်အရေး ရရှိနိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့် သောကြာနေ့က စပေ့အိတ်စ်အား ဒုတိယမျိုးဆက် စတားလင့်ခ် ဂြိုဟ်တုအလုံးပေါင်း ၇,၅၀၀ ထပ်မံလွှတ်တင်ရန် ခွင့်ပြုချက်ပေးလိုက်ကြောင်း အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင် (အက်ဖ်စီစီ) က ကြေညာခဲ့ပါသည်။
အဆိုပါ ဂြိုဟ်တုများကို ၂၀၃၁ ခုနှစ်ကုန်တွင် ပတ်လမ်းအတွင်းသို့ ရောက်ရှိနေရမည်ဖြစ်ပြီး၊ ထိုအခါ စပေ့အိတ်စ် ၏ စုစုပေါင်းဂြိုဟ်တုအရေအတွက်မှာ ၁၅,၀၀၀ အထိ ရှိလာမည်ဖြစ်သည်။ စတားလင့်ခ်သည် ဂြိုဟ်တုပေါင်း ၃၀,၀၀၀ လွှတ်တင်ရန် အက်ဖ်စီစီထံ လျှောက်ထားခဲ့သော်လည်း ကျန်ရှိသော အရေအတွက်အား ခွင့်ပြုရန်အတွက် ဆုံးဖြတ်ချက်ကိုမူ ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း သိရသည်။

image