ထန်းတပင် ထွေအုပ်ရုံးပေါ် ဗုံးကြဲခံရပြီး ခရိုင်ထွေအုပ် လက်ထောက်ညွှန်မှူးသေဆုံးကာ ခရိုင်ရွေးကော်အဖွဲ့ဝင်ဒဏ်ရာရ
ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနေတဲ့ ပဲခူးတိုင်း ၊ တောင်ငူခရိုင် ၊ ထန်းတပင်မြို့နယ်က ထွေအုပ်ရုံးကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ဒရုန်းဗုံး ကြဲချတိုက်ခိုက်ခံရပြီး သေဆုံံးသူ နဲ့ ထိခိုက်ဒဏ်ရာ ရသူရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုမှာ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူကတော့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တယောက် ဖြစ်တယ်လို့ သိရပါတယ်။
" မနက်က ထွေအုပ်ရုံး ခေါင်မိုးပေါ်ကို ကျတာ။ တောင်ငူခရိုင် ထွေအုပ်ရုံးက AD ဆုံးသွားတယ်။ လက်ထောက်ညွှန်ကြားရေးမှူးပေါ့။ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တယောက်က ပေါင်မှာ ဒဏ်ရာရတယ် ကြားတယ်။ " လို့ ဖြစ်စဥ်သိရှိသူ လုံခြုံရေး တပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။
ထန်းတပင်မြို့နယ်က ထွေအုပ်ရုံးကို ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး လူသေဆုံးမှုရှိခဲ့ပေမယ့်လည်း မဲရုံတွေ ပိတ်သိမ်းလိုက်တာမျိုး မရှိဘဲ ပုံမှန်အတိုင်း ဆက်ဖွင့်ထားတယ်လို့ တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဌေးဝင်က ပြောပါတယ်။
အလားတူ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနေတဲ့ ပဲခူးတိုင်းထဲက မင်းလှမြို့နယ်၊ လမ်းမတော်လမ်းမှာ ဖွင့်လှစ်ထားတဲ့ မဲရုံအနီးမှာလည်း ဒီကနေ့ မနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း ၊ စလင်းမြို့နယ် မှာလည်း ဒီကနေ့မနက်ပိုင်းက တောင်ကန်မဲရုံ(မြို့အရှေ့ဘက်) မြေမိရပ်ကွက်မဲရုံ၊ ပုထိုးဖြူရပ်ကွက်မဲရုံ အနီးဝန်းကျင်နဲ့ မြို့ထဲက မဲရုံတချို့ အနီးမှာလည်း ဒရုန်းဗုံး ကြဲချတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
" မြို့ထဲမှာ ဒရုန်းတွေက သွားလိုက်ပြန်လိုက်နဲ့ ဝဲနေတယ်။ မြို့ထဲက အမှတ် ၁ နဲ့ ၂ မဲရုံအနီးက ဘုန်းကြီးကျောင်းမှာ လုံခြုံရေးချထားတဲ့ စစ်တပ်ကိုလည်း လာကြဲတယ်။ အပြင်ဘက်ကျတော့ ထိခိုက်ဘာညာမရှိဘူး ။ " လို့ စလင်းဒေသခံက ပြောပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၂ ကိုတော့ ရှမ်းပြည်နယ် ၊ ကယား ၊ ကချင် ၊ကရင် ၊မွန် ၊ ဧရာဝတီ ၊ ပဲခူးတိုင်း ၊မကွေးတိုင်း ၊ရန်ကုန်တိုင်း ၊ တနင်္သါရီတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းထဲက မြို့နယ်ပေါင်း ၁၀၀ မှာ ဒီကနေ့ တပြိုင်တည်း ကျင်းပနေတာ ဖြစ်ပါတယ်။