6 ရက် - ဘာသာပြန်ပါ။

ကသာစစ်ရှောင်တွေ ရောက်ရှိရာဒေသမှာ ကျောင်းဆက်တက်ပြီး စာမေးပွဲ ဖြေဆိုခွင့်ရဖို့ လိုအပ်နေ

ကသာမှာ ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေကြောင့် ကျောင်းတက်ခွင့် ဆုံးရှုံးနေရတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် လက်ရှိ စစ်ရှောင်နေရတဲ့ ဒေသရှိ ကျောင်းတွေမှာ ကျောင်းဆက်တက်ခွင့်ရပြီး စာမေးပွဲ ဖြေဆိုခွင့်ရရှိဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခြေခံပညာကျောင်းသူ ကျောင်းသားတွေဟာ လာမယ့်ဖေဖော်ဝါရီလမှာ နှစ်ဆုံးစာမေးပွဲကို ဖြေဆိုရမှာ ဖြစ်ပြီး ၂၀၂၆ ခုနှစ် Grade 12 တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ မတ်လ ၁၁ ရက်ကနေ ၁၇ ရက်အထိ ဖြေဆိုကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအတွက် ကသာမြို့​ကနေ အခြားဒေသတွေမှာ စစ်ရှောင်နေကြရတဲ့ ဒေသခံတွေက အခြေခံပညာ ကျောင်းသူကျောင်းသားတွေကို စာမေးပွဲ ဖြေခွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ရောက်ရှိရာမြို့နယ်တွေက ကျောင်းတွေမှာ စာသင်ကြားခွင့် နဲ့ ဖြေဆိုခွင့်ပြုပေးဖို့ ဆန္ဒရှိနေကြတာ ဖြစ်တယ်လို့ သိရပါတယ် ။
" စစ်ရှောင်တွေ ရောက်တဲ့နေရာ တိုင်းမှာစာသင်ခွင့်ရမှပဲ အဆင်ပြေမယ် ။ ကသာမှာ ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုလည်း လမ်းတွေကပိတ်ထားတော့ ဘယ်လိုလာမလဲ ။ကလေးတွေ ဘယ်လိုကျောင်းတက်မလဲ ။အဆင်မပြေနိုင်ဘူး ။ အခုထိလည်း ကလေးတွေ ကျောင်းကိစ္စနဲ့ ပတ်သက်ပြီး တရားဝင်စာထုတ်တာမျိုးမရှိသေးဘူး ။ ကသာမှာလည်း ကျောင်းပြန်ဖွင့်မယ်ဆိုပြီး သတင်းထွက်တာပဲရှိတယ်။ ကသာစစ်ရှောင်တွေကို ရောက်ရာအရပ်မှာ ကျောင်းတက်ခွင့်ပြုဖို့ တိုင်းအဆင့်ကနေ လုပ်နေတယ်ဆိုပေမယ့်လည်း စာမထွက်သေးဘူး ။ တရားဝင်စာထွက်မှ အတည်ဖြစ်မှာလေ။ " လို့ ကသာ ဒေသခံက ပြောပါတယ် ။
လက်ရှိမှာတော့ မိုးညှင်းမြို့ကို ရောက်ရှိနေတဲ့ ကသာစစ်ရှောင်တွေထဲက ကျောင်းသူကျောင်းသားတွေကို တာဝန်ရှိသူတွေက မိုးညှင်းမြို့နယ်မှာပဲ ဆက်လက် ကျောင်းတက်ရောက်ခွင့် ပြုထားတဲ့ အခြေအနေ ရှိတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။
မိုးညှင်းရောက် ကသာစစ်ရှောင်ထဲက ကျောင်းသူကျောင်းသူ အချို့မှာတော့ ကျောင်းသုံးဖတ်စာအုပ်တွေ နဲ့ စာရေးကိရိယာ လိုအပ်မှုရှိနေတဲ့ အတွက် မြို့ခံတွေနဲ့အတူ ပြင်ပဒေသရှိ အလှူရှင်တွေက လှူဒါန်းပေးမှု ရှိနေတယ်လို့ သိရပါတယ်။
" ကသာကနေ မိုးညှင်းကို စစ်ရှောင်လာတဲ့ ကလေးတွေကို စာမေးပွဲ နီး၊ စာမေးပွဲ ဖြေဖို့ စီစဥ်ပေးနေတယ်။ စာအုပ်တွေ အထောက်ထားတွေ မစုံလည်း ကသာက စစ်ဘေးရှောင်ဆိုရင် စာအုပ် ကျောင်းသုံးပစ္စည်းကအစ ပြင်ပေးပြီး မိုးညှင်းက ကျောင်းတွေမှာ စာသင်ပေးနေတယ်။ တချို့ကလေးတွေ သောကြာနေ့က စတက်နေကြပြီ ။ ကသာက ငြိမ်နေပေမယ့် ပြန်လို့ကလည်းမရ၊ လမ်းကလည်းမပွင့်၊ PDF ဖက်ကလည်း ဒရုန်းတွေ ဝဲပြီး စစ်တပ်တွေ ရှိတဲ့ဖက် လာလာချတော့ မပြန်ရဲကြသေးဘူး။ " လို့ မိုးညှင်းရောက် ကသာစစ်ဘေးရှောင် တယောက်က ပြောပါတယ်။
ကသာမြို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာ ၂၉ ရက်နေ့ကတည်း​က အခြေခံပညာကျောင်းတွေအားလုံး ပိတ်ထားရပြီး မြို့ပေါ်ဒေသခံအများစုဟာ တောတောင်တွေထဲနဲ့ မိုးညှင်း ၊အင်းတော် ၊ မော်လူး ၊ မြစ်ကြီးနား ၊ရန်ကုန် ၊ မန္တလေး ဘက်တွေကို စစ်ဘေးရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
ကသာမြို့မှာတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ညက စပြီး ဇန်နဝါရီ ၂ ရက်နေ့အထိ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး ဒီကနေ့အထိတော့ စစ်ရေးပြင်းထန်မှု မရှိတော့ဘဲ ရံဖန်ရံခါ ပစ်ခတ်မှုသာ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါ ကသာမြို့တိုက်ပွဲအကြားမှာ ရပ်ကွက် ၈ ထဲက အိမ်ခြေ ၁၅ လုံးလောက် မီးလောင်ပျက်စီးခဲ့ရပြီး အ.ထ.က ၂ ကျောင်းလည်း မီးလောင်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ကသာမြို့ကို ဝင်ရောက်နိုင်တဲ့ မိန်းလမ်းမကြီးတွေကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားပြီး လမ်းပိတ်ထားသလို ကသာမြို့ အဝင်အထွက်ကိုလည်း တပ်ဘက်က ပိတ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ် ။

image