ကံမမြို့နယ်မှာ မဲရုံတွေကို လိုက်စစ်ဆေးတဲ့အဖွဲ့ တိုက်ခိုက်ခံရပြီး မြို့နယ်အုပ်ချုပ်ရေးမှူး သေဆုံး
ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနေတဲ့ မကွေးတိုင်း သရက်ခရိုင် ၊ ကံမမြို့နယ်ထဲမှာ ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ ၊ နေ့လယ်ပိုင်းက မဲရုံတွေကိုလိုက်လံစစ်ဆေးခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ ထိခိုက် ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ ကံမမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင် သေဆုံးခဲ့ပြီး နောက်ထပ် ဦးသန့်ဇင်အောင် ဆိုသူမှာ သေနတ်ကျည် ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ် ။
" ၁၂ နာရီကျော်လောက်မှာ ပစ်ခံရတယ် သိရတယ် ။မြို့နယ် အုပ်ချုပ်ရေးမှူးက ဆေးရုံပို့ပေမယ့် ဆုံးသွားတယ်။ နောက်တယောက်ကတော့ ယာဥ်မောင်းလို့သိရတယ် ။ သူမှာလည်း ဒဏ်ရာက များတယ် ။ " လို့ လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူး အဖွဲ့နဲ့ ရဲတပ်ဖွဲ့မှူး အပါလုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ကံမမြို့နယ်အတွင်းရှိ မဲရုံတွေကို လှည့်လည် စစ်ဆေးမှုပြုလုပ်စဥ် ပြောင်ကျရွာနဲ့ ပယ်ကျရွာအကြားမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
"ကျွန်တော်တို့လည်း သတင်းတော့ကြားတယ် ။ အတိအကျတော့ သေချာ မသိသေးဘူး ။ " လို့ သရက်ခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကပြောပါတယ် ။
ဒီကနေ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ သရက်ခရိုင်ထဲက ကံမမြို့နယ် ၊ မင်းတုန်း နဲ့ မင်းလှ မြို့နယ်တွေမှာ ရွေးကောက်ပွဲအသီးသီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အလားတူ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်တဲ့ ပဲခူးတိုင်း ၊ ထန်းတပင်မြို့နယ်မှာလည်း ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းက မြို့နယ်ထွေအုပ်ရုံးကို ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခံရပြီး တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သေဆုံးခဲ့ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
ရွေးကောက်ပွဲ အပိုင်း ၂ ကိုတော့ ရှမ်းပြည်နယ် ၊ ကယား ၊ ကချင် ၊ကရင် ၊မွန် ၊ ဧရာဝတီ ၊ ပဲခူးတိုင်း ၊မကွေးတိုင်း ၊ရန်ကုန်တိုင်း ၊ တနင်္သါရီတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းထဲက မြို့နယ်ပေါင်း ၁၀၀ မှာ ဒီကနေ့ တပြိုင်တည်း ကျင်းပနေတာ ဖြစ်ပါတယ်။