4 ရက် - ဘာသာပြန်ပါ။

အိုးထရက်ဖို့ဒ် ဖရိုဖရဲအခြေအနေများကြောင့် နွေရာသီတွင် ဘရူနိုဖာနန်ဒက်စ်ထွက်ခွာလာမည်ကို ယူနိုက်တက်ကစားဖော်များ စိုးရိမ်နေ
======================

ယူနိုက်တက်ကစားဖော်များဟာ အိုးထရက်ဖို့ဒ်ဖရိုဖရဲအခြေအနေများအပေါ် စိတ်ကုန်ကာ နွေရာသီတွင် ဘရူနိုဖာနန်ဒက်စ် ထွက်ခွာလာမည်ကို စိုးရိမ်ပူပန်လျက်ရှိကြပါတယ်။
ယူနိုက်တက်ကစားသမားများက အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်မှာ အသင်းရဲ့ ဖရိုဖရဲအခြေအနေများအပေါ် အကြီးအကျယ် စိတ်ပျက်နေတယ်လို့ ယုံကြည်နေကြကာ ကမ္ဘာ့ဖလားအပြီးတွင် စာမျက်နှာသစ်ဖွင့်လှစ်လာမယ်လို့ ယူဆနေကြပါတယ်။
အသက် ၃၁ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ နိုဝင်ဘာလတုန်းက အင်တာဗျူးတစ်ခုတွင် နွေရာသီတုန်းက ယူနိုက်တက်ရဲ့ အတင်းအကြပ် ရောင်းချရန် ကြိုးပမ်းမှု ခံခဲ့ရပြီး အသင်းတွင် ဆက်နေရန် ဆုံးဖြတ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဆော်ဒီကလပ် Al Hilal က ဖာနန်ဒက်စ်အား ပေါင်သန်း ၁၀၀ ဖြင့် ကမ်းလှမ်းခဲ့ပြီး ယူနိုက်တက်က လက်ခံလိုခဲ့ပါတယ်။
ထိုစဉ်တုန်းက ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်ဘက်က သူ့ကို အတင်းအကြပ် ထွက်ခွာစေလိုမှုအတွက် စိတ်မကောင်းဖြစ်ခဲ့ရကြောင်း ဝန်ခံသွားခဲ့ပါတယ်။
ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရှိ အသင်းတွင် ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေများကြောင့် ထက်ခွာလာတော့မယ်လို့ ယူနိုက်တက်ကစားဖော်များက ယုံကြည်နေကြပါတယ်။
ယူနိုက်တက်အတွင်းလူတစ်ဦးက "ဘရူနို စိတ်ကုန်နေပြီလို့ ကစားဖော်အချို့ ယုံကြည်နေကြတယ်။ အရိုးသားဆုံးပြောရရင် ဒီအတွက် သူ့ကိုလည်း အပြစ်မတင်ကြပါဘူး။ သူက အမြဲတမ်း ရာနှုန်းပြည့်ပေးဆပ်တယ်။ ဒီကို ရောက်လာကတည်းက ကလပ်ရဲ့အကောင်းဆုံးကစားသမားဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ပိုင်ရှင်သစ်လက်အောက်မှာ အသင်းက ဆက်ကျဆင်းနေတယ်လို့ သူ ယူဆနေတယ်။အမိုရမ် ထွက်သွားမှုကလည်း အကူအညီ မဖြစ်ဘူး။ ဆော်ဒီသို့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာမယ်လို့ ယုံကြည်ရတယ်။ ဒါပေမယ့် သူက ယူနိုက်တက်နှင့် စာချုပ်ချုပ်ဆိုပြီးကတည်းက အကောင်းဆုံးပေးဆပ်လာခဲ့တယ်ဆိုတာ ဘယ်သူမှ သံသယမဝင်ပါဘူး"လို့ The Sun သို့ ပြောကြားသွားပါတယ်။
ဖာနန်ဒက်စ်ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် စပို့တင်းလစ္စဘွန်းမှ ပေါင် ၄၆.၆ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင်မှ စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။
ယူနိုက်တက်ဟာ အသင်းတာဝန်ရှိသူများကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ရူဘင်အမိုရမ် အား ထုတ်ပယ်လိုက်ပြီးနောက် ယူ-၁၈ နည်းပြဒါရင်းဖလက်ချာအား ယာယီခန့်အပ်ထားပါတယ်။ ဖလက်ချာဟာ ဘန်လေနှင့် တစ်ဂိုးစီသရေကျတဲ့ ပရီးမီးယားလိဂ်ပွဲကို ကြီးကြပ်ခဲ့သလို ယနေ့ည ဘရိုက်တန်နှင့် အက်ဖ်အေဖလားပွဲစဉ်ကိုလည်း ကြီးကြပ်လာပါဦးမယ်။
ယူနိုက်တက်ဟာ ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ရန် မိုက်ကယ်ကာရစ်နှင့် အိုလီဂန်းနားဆိုးလ်ရှားတို့အား အင်တာဗျူးပြုလုပ်ထားပြီး လာမယ့်ရက်ပိုင်းအတွင်းတွင် ခန့်အပ်လာမယ်လို့ ယုံကြည်ရပါတယ်။

image