အေစီမီလန်မှ ဖခင်ရဲ့ ကလပ်ဟောင်းတစ်ခုသို့ ပြောင်းရွှေ့ရန် အီဘရာဟီမိုဗစ်ရဲ့ သား ဆွေးနွေးနေ
==================

ဇလာတန်အီဘရာဟီမိုဗစ်ရဲ့ သားမာဆီမီလီယန်ဟာ အေစီမီလန်မှ ထွက်ခွာကာ အေဂျက်စ်သို့ ပြောင်းရွှေ့ရန် ဆွေးနွေးနေကြောင်း သတင်းထွက်နေပါတယ်။
အသက် ၁၉ နှစ်ရှိ ဆွီဒင်တိုက်စစ်မှူးဟာ ၂၀၂၂ ခုနှစ်တွင် ဖခင်ဖြစ်သူ အေစီမီလန်တွင် ဒုတိယအကြိမ်မြောက် ကစားနေစဉ် ဟမ်မာဘီမှ ပြောင်းလာခဲ့တာပါ။
အသက် ၄၄ နှစ်ရှိ အီဘရာဟီမိုဗစ်ဟာ ၂၀၂၃ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးတဲ့နောက် ဆန်စီရိုတွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မာဆီမီလီယန်ဟာ အေစီမီလန်မှ ထွက်ခွာကာ ဖခင်ဖြစ်သူ ကစားခဲ့ဖူးတဲ့ အေဂျက်စ်သို့ ပြောင်းရန် စီစဉ်နေပါတယ်။
ဒတ်ချ်သတင်းစာ Telegraaf ရဲ့ဖော်ပြမှုအရ အေဂျက်စ်ဟာ မာဆီမီလီယန်ကို အငှားဖြင့် ခေါ်ယူရန် ဆွေးနွေးနေကြောင်း သိရပါတယ်။ ၎င်းတို့ဟာ အငှားစာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် အပြီးသတ်ခေါ်ယူမယ့်အချက်ကိုလည်း ထည့်သွင်းလာပါမယ်။
အီဘရာဟီမိုဗစ်ဟာ ဆွီဒင်ကလပ် မယ်လ်မိုတွင် ကစားသမားဘဝစတင်ပြီးနောက် အေဂျက်စ်(ခ)အသင်းသို့ ပြောင်းကစားခဲ့ပြီး ပထမအသင်းသို့ တက်လှမ်းခွင့်ရခဲ့ပါတယ်။ သူဟာ အေဂျက်စ်တွင် ကစားတဲ့ သုံးနှစ်အတွင်းတွင် ပွဲ ၁၁၀ ကစားခဲ့ရာမှာ ၄၈ ဂိုးသွင်းပေးခဲ့ပါတယ်။
သူ့ရဲ့သားမာဆီမီလီယန်ဟာ ယခုရာသီတွင် စီးရီးဒီတွင် Milan Futuro မှာ ကစားနေပါတယ်။ သူဟာ ၁၆ ပွဲကစားထားရာမှာ ၅ ဂိုးသွင်းပြီး ၄ ကြိမ် ဖန်တီးထားပါတယ်။
သူဟာ Milan Futuro တွင် ခြေစွမ်းပြကစားနိုင်မှုကြောင့် ပြီးခဲ့တဲ့လတုန်းက အေစီမီလန်ပထမအသင်းသို့ ဆင့်ခေါ်ခံခဲ့ရပြီး ဆော်ဒီသို့ အီတလီစူပါဖလားကစားတဲ့ အသင်းတွင် ပါဝင်ခဲ့ပါတယ်။
သူဟာ နာပိုလီကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ အီတလီစူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် လူစားဝင်ရောက်ကစားခွင့်ရခဲ့ပါတယ်။

image