1 ပတ် - ဘာသာပြန်ပါ။

အသက်ရှင်ရန် ရက်ပိုင်းမျှသာ ကျန်တော့တဲ့ ချဲလ်ဆီးကစားသမားဟောင်း ကြေညာချက်အသစ် ထုတ်ပြန်လာ
======================

အသက်ရှင်ရန် ရက်ပိုင်းမျှသာ ကျန်တော့ ကြေညာခဲ့တဲ့ ချဲလ်ဆီးလူငယ်ကစားသမားဟောင်းလာမီရှာမူဆန်ဒါဟာ နောက်ထပ် ကြေညာချက်တစ်ခု ထုတ်ပြန်လာပါတယ်။
အသက် ၃၃ နှစ်ရှိ မူဆန်ဒါဟာ မကြာသေးမီတုန်းက ဆိုးဆိုးရွားရွား မကျန်းမမာ ဖြစ်နေမှုနှင့်အတူ အသက်ရှင်လျက် ရက်ပိုင်းမျှသာ နေရတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
မူဆန်ဒါဟာ ၂၀၁၂ ခုနှစ်တုန်းက ညီများဖြစ်ကြတဲ့ တီကာ၊ ချာလီတို့နှင့်အတူ အန်ဒါလက်ချ်မှ ချဲလ်ဆီးအကယ်ဒမီသို့ ရောက်လာခဲ့ကြသူများဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ချဲလ်ဆီးစီနီယာအသင်းအတွက် တစ်ပွဲမျှ ကစားခွင့်မရဘဲ အကယ်ဒမီအသင်းတွင် ၂ နှစ်ကြာ ကစားပြီးနောက် ဘယ်လ်ဂျီယံသို့ ပြန်ကာ မီချီလန်အတွက် ကစားခဲ့ပါတယ်။
ဘယ်လ်ဂျီယံကစားသမားဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အသက် ၂၀ ကျော်အရွယ်တွင်ပင် အနားယူခဲပါတယ်။ ယခု ကစားသမားဘဝမှ အနားယူပြီး ၅ နှစ်အကြာတွင် မူဆန်ဒါက ဆိုးဆိုးရွားရွား မကျန်းမမာမှုကြောင့် အသက်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်နေရကြောင်း ကြေညာလာပါတယ်။
ယင်းသို့ ကြေညာပြီးနောက် ချဲလ်ဆီးတိုက်စစ်မှူးဟောင်းလူကာကူအပါအဝင် လူအမြောက်အမြားက ဆုမွန်ကောင်းတောင်းပေးခြင်း၊ အားပေးစကားပြောခြင်းတို့ ပြုလုပ်လာကြပါတယ်။
ယင်းသို့ အားပေးစကားများစွာ ရရှိပြီးနောက် မူဆန်ဒါက "ကစားသမားတွေ၊ အပြုသဘောဆောင်တဲ့၊ ချစ်ခြင်းမေတ္တာပါတဲ့ ကြင်နာတဲ့ မက်ဆေ့ချ်တွေ ရရှိလာတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ကျွန်တော့်မိသားစုကိုလည်း ကျေးဇူးတင်တယ်။ ကျုပ်ညီတွေ၊ ကျုပ်အဖေအမေကိုလည်း အရာအားလုံးထက် ချစ်ပေးကြတယ်။ ကျုပ် ပြီးပြည့်စုံတဲ့လူသား မဖြစ်ခဲ့ပါဘူး။ ဘယ်သူမှလည်း မပြီးပြည့်စုံပါဘူး။ စစ်မှန်တဲ့ဘဝသင်ခန်းစာတွေပေးခဲ့မှုတွေအတွက် ဘောလုံးနဲ့ ကျောင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ချီးမြှောက်မှုတွေကို မချစ်မြတ်နိုးတဲ့ သူတစ်ယောက်အဖြစ်ပဲ ကျွန်တော့်ကို အမှတ်ရစေချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဆုံခဲ့တဲ့ လူကောင်းတွေဖြစ်ကြတဲ့ ကစားဖော်တွေ၊ ဆရာတွေ၊ ဘတ်စ်ကားဒရိုင်ဘာတွေ အပါအဝင် သူတို့အတွက် ကျွန်တော်တိုက်ပွဲဝင်ပါမယ်။ ဆက်လက် သန်မာနေပါမယ်။ တစ်နေ့ချင်းစီ အနိုင်ယူကြစို့။ အားလုံးကို ချစ်တယ်"လို့ အင်စတာဂရမ်တွင် ပို့စ်ရေးသား တင်သွားပါတယ်။
မူဆန်ဒါရဲ့ ညီ အသက် ၂၉ နှစ်ရှိ ချာလီမှာ ချဲလ်ဆီးစီနီယာအသင်းအတွက် ၇ ပွဲကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အသက် ၂၈ နှစ်အရွယ် ပြီးခဲ့တဲ့နှစ်တုန်းက ပြင်းထန်ဒဏ်ရာရရှိပြီးနောက် ကစားသမားဘဝမှ အနားယူခဲ့ရပါတယ်။
အခြားညီတစ်ဦးဖြစ်တဲ့ အသက် ၃၁ နှစ်ရှိ တီကာမှာလည်း ပြီးခဲ့တဲ့နွေမှာပင် ကစားသမားဘဝမှ အနားယူခဲ့ပြီး လက်ရှိအချိန်တွင် ဘောလုံးကင်းထောက်အဖြစ် အလုပ်လုပ်နေပါတယ်။

image