ယနေ့တွင် ယာယီနည်းပြရာထူးအတွက် ဆိုးလ်ရှားနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံအင်တာဗျူးလာမယ့် ယူနိုက်တက်
======================
ယူနိုက်တက်တာဝန်ရှိသူများဟာ ယနေ့တွင် ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ရေးအတွက် နည်းပြဟောင်းအိုလီဂန်းနားဆိုးလ်ရှားကို မျက်နှာချင်းဆိုင် တွေ့ဆုံကာ အင်တာဗျူးပြုလုပ်လာပါမယ်။
ယူနိုက်တက်ဟာ ယာယီနည်းပြရာထူးအတွက် လျာထားတဲ့ ကစားသမားဟောင်းမိုက်ကယ်ကာရစ်ကို အင်တာဗျူး ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ယာယီနည်းပြအား လာမယ့်အပတ် မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီ ခန့်အပ်သွားပါမယ်။
ယူနိုက်တက်အတွင်းလူများရဲ့ ပြောကြားမှုအရ ဆိုးလ်ရှားနှင့် မိုက်ကယ်ကာရစ်တို့ဟာ ၂၀၁၈ ခုနှစ်တုန်းက မော်ရင်ဟို ထွက်ခွာသွားစဉ် ယူနိုက်တက်တွင် အတူတကွ အလုပ်တွဲလုပ်ခဲ့ကြပေမယ့်လည်း ယခုတစ်ကြိမ်မှာတော့ အလုပ်တွဲလုပ်လာမှာ မဟုတ်ဘဲ သီးသန့်စီ လုပ်လာကြပါမယ်။
နော်ဝေဂန္ထဝင်တိုက်စ်မှူးအိုလီဂန်းနားဆိုးလ်ရှားဟာ ၂၀၁၈ ခုနှစ် ဆောင်းရာသီတွင် မော်ရင်ဟိုနေရာတွင် ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီး ရလဒ်ကောင်းများ ရယူပေးပြီးနောက် ၂၀၁၉ ခုနှစ် မတ်လတွင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
သူဟာ ယူနိုက်တက်အား ပရီးမီးယားလိဂ်တွင် အဆင့် ၂ ၊ အဆင့် ၃ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အပြင် ယူရိုပါလိဂ်ဗိုလ်လုပွဲသို့လည်း ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ရလဒ်ဆိုးရွားမှုကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
သူဟာ နောက်ဆုံး နည်းပြအလုပ်အဖြစ် တူရကီကလပ် ဘီဆစ်တပ်သို့ သွားရောက် ကိုင်တွယ်ခဲ့ပေမယ့် ယူရိုပါလိဂ်နှင့် ကွန်ဖရင့်လိဂ်ပလေးအော့ဖ်တို့မှ ထွက်ခွာခဲ့ရပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
လက်ရှိအချိန်တွင် ယူနိုက်တက်ဟာ ယာယီနည်းပြအဖြစ် ယူ-၁၈ နည်းပြဒါရင်းဖလက်ချာအား ခန့်အပ်ထားပြီး ဘန်လေနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲကို ကြီးကြပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဖလက်ချာဟာ တနင်္ဂနွေနေ့ ဘရိုက်တန်နှင့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကိုလည်း ကြီးကြပ်လာပါဦးမယ်။
ဖလက်ချာဟာ ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် ယာယီနည်းပြရှာဖွေနေစဉ်အတွင်း ၂ ပွဲ ကိုင်တွယ်ရန် ခန့်အပ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဖလက်ချာဟာ ဘရိုက်တန်နှင့်ပွဲအပြီးတွင် ယူနိုက်တက်ပထမအသင်းနည်းပြအဖွဲ့တွင် ဆက်လက် တာဝန်ထမ်းဆောင်လာမလား၊ ယူ-၁၈ အသင်းကို ပြန်လည်ကိုင်တွယ်လာမလားဆိုတာ အတိအကျ မသိရသေးပါဘူး။