ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီး ရက်အနည်းငယ်အကြာတွင် ကလပ်သစ်နှင့် ဘောလုံးလောကသို့ ချက်ချင်းပြန်ဝင်လာဖို့ ရှိနေတဲ့ အမိုရမ်
==================

ရူဘင်အမိုရမ်ဟာ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီး ရက်အနည်းငယ်အကြာတွင်ပင် ကလပ်သစ်ဖြင့် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။
ရူဘင်အမိုရမ်ဟာ ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာနည်းပြရာထူးအတွက် ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ ဘင်ဖီကာနည်းပြဟိုဆေးမော်ရင်ဟိုဟာ ထိပ်ဆုံးမှ ပေါ်တိုနှင့် ရမှတ် ၁၀ မှတ်အထိ ကွာဟနေမှုနှင့်အတူ ဖိအားများနှင့် ကြုံနေရပါတယ်။
ဒါ့အပြင် ဘင်ဖီကာဟာ ချန်ပီယံလိဂ်တွင်လည်း အဆင့် ၂၅ နေရာတွင် ရပ်တည်နေပါတယ်။
Daily Mail သတင်းစာရဲ့ဖော်ပြလာမှုအရ မော်ရင်ဟိုရဲ့ ဘင်ဖီကာအနာဂတ်မှာ တဖြည်းဖြည်း ပိုမို မရေမရာ ဖြစ်လာနေပြီး အမိုရမ်နှင့် အစားထိုးခြင်းခံရဖို့ ရှိနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဘင်ဖီကာဥက္ကဌရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုအာနိုရွန်ဟာလိုပက်စ်က အမိုရမ်အား ဘင်ဖီကာသို့ ခေါ်ဆောင်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။
ဒါ့အပြင် လိုပက်စ်ဟာ အိုးထရက်ဖို့ဒ်သို့ လာရောက်ကာ ယူနိုက်တက်ရဲ့ ပွဲကိုပါ ကြည့်ခဲ့ပါသေးတယ်။
ဒါပေမယ့် သူဟာ ဥက္ကဌရွေးကောက်ပွဲတွင် ရူအီကော်စတာအား အရေးနိမ့်ခဲ့ပါတယ်။
အမိုရမ်ဟာ လိဒ်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် ၎င်းမှာ နည်းပြမဟုတ်ဘဲ မန်နေဂျာဖြစ်ကြောင်း ပြောဆိုကာ လုပ်ပိုင်ခွင့်ပိုမိုတောင်းဆိုလာမှုနှင့်အတူ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ယူနိုက်တက်ဟာ ယူ-၁၈ နည်းပြဒါရင်းဖလက်ချာကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။ ဖလက်ချာဟာ ဘန်လေနှင့် ၂ ဂိုးစီသရေကျတဲ့ပွဲကို စတင်ကိုင်တွယ်ခဲ့ပြီး တနင်္ဂနွေနေ့ ဘရိုက်တန်နှင့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကိုလည်း ကြီးကြပ်လာပါဦးမယ်။
ယူနိုက်တက်ဟာ ရာသီအကုန်အထိ ယာယီနည်းပြခန့်အပ်ရန် လုပ်ဆောင်နေပြီး ဆိုးလ်ရှားနှင့် မိုက်ကယ်ကာရစ်တို့က ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။

image