1 ပတ် - ဘာသာပြန်ပါ။

ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ အင်္ဂလန်နှင့် နယူးကာဆယ်နည်းပြဟောင်းကီဗင်ကီးဂန်း
=====================

အင်္ဂလန်နှင့် နယူးကာဆယ်နည်းပြဟောင်းကီဗင်ကီးဂန်းဟာ ကင်ဆာရောဂါဝေဒနာခံစားနေရပါတယ်။
အသက် ၇၄ နှစ်ရှိ ကီးဂန်းဟာ ကစားသမားဘဝတုန်းက လီဗာပူး၊ ဟမ်းဘတ်၊ ဆောက်သမ်တန်၊ နယူးကာဆယ်တို့တွင် ကစားခဲ့ကာ ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား ၂ ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ နည်းပြဘဝတွင်လည်း နယူးကာဆယ်၊ ဖူလ်ဟမ်၊ မန်စီးတီးတို့အပြင် အင်္ဂလန်အသင်းကိုလည်း ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။
ကီဗင်ကီးဂန်းဟာ ကင်ဆာရောဂါဝေဒနာခံစားရပြီးနောက် ဆေးရုံတက်ရောက် ကုသမှုခံယူနေပြီး နောက်ထပ် ဆေးကုသမှုများ ဆက်လက်ခံယူရဦးမှာလည်း ဖြစ်ပါတယ်။
မနေ့ညတုန်းက လိဒ်ကို အချိန်ပို ၁၀၂ မိနစ် အနိုင်ဂိုးဖြင့် အနိုင်ရတဲ့ပွဲအပြီးတွင် နယူးကာဆယ်နည်းပြအက်ဒီဟောင်းက "အဲဒီလိုအသင်းမျိုး(ကီးဂန်းရဲ့အသင်းမျိုး) တည်ဆောက်ချင်တယ်။ လူတိုင်းကို ဒီကို လာချင်စိတ်ပြင်းပြပြီး အသင်းကို ကြည့်ချင်စိတ်ဖြစ်စေတယ်။ နောက်ဆုံးအချိန်အထိ ဘာဖြစ်လာမယ်ဆိုတာအသိတဲ့ အသင်းမျိုးတည်ဆောက်ချင်တယ်။ ကျွန်တော်တို့လည်း ဒီအတိုင်းပဲ ဖြစ်စေချင်တယ်။ ကီဗင်ကီးဂန်းအသင်းကလည်း အဲဒီလို အသင်းမျိုးပါ"လို့ ပြောကြားသွားပါတယ်။
လက်ရှိအချိန်တွင် အက်ဖ်အေ၊ ပရီးမီးယားလိဂ်အပါအဝင် ကလပ်အမြောက်အမြားတို့က ကီဗင်ကီးဂန်းအား အားပေးတဲ့ စာများ ထုတ်ပြန်ကြေညာထားကြပါတယ်။
ကီးဂန်းဟာ ၁၉၆၈ ခုနှစ် အသက် ၁၇ နှစ်အရွယ်တွင် စကန်သိုပီတွင် ကစားသမားဘဝ စတင်ပြီးနောက် သုံးနှစ်အကြာတွင် လီဗာပူးဂန္ထဝင်နည်းပြဘေးလ်ရှန်ကလေရဲ့ ခေါ်ယူခြင်းခံခဲ့ရပါတယ်။
သူဟာ လီဗာပူးအား ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်အပြင် ၁၉၇၇ ခုနှစ် ကလပ်သမိုင်းတွင် ပထမဆုံးဥရောပဖလား ဆွတ်ခူးနိုင်အောင် ကူညီခဲ့သလို အက်ဖ်အေဖလား ၁ ကြိမ်နှင့် ယူအီးအက်ဖ်အေဖလား ၂ ကြိမ်လည်း ရရှိခဲ့ပါတယ်။
သူဟာ လီဗာပူးအတွက် ၃၂၃ ပွဲကစားခဲ့ရာမှာ ဂိုး ၁၀၀ သွင်းခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ဟမ်းဘတ်သို့ ပြောင်းခဲ့ပါတယ်။
သူဟာ ၁၉၇၇-၇၈ ရာသီတွင် ဟမ်းဘတ်အား ဘွန်ဒက်စ်လီဂါဖလား ရရှိအောင် ၁၇ ဂိုးသွင်းကာ ကူညီခဲ့ပြီးနောက် ၁၉၇၇-၇၈ ရာသီနှင့် ၁၉၇၈-၇၉ ရာသီတို့တွင် ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆုများကို ဆွတ်ခူးခဲ့ပါတယ်။
သူဟာ ၁၉၈၀ ခုနှစ်တွင် ဆောက်သမ်တန်သို့ ပြန်ပြောင်းလာပြီးနောက် ၁၉၈၁-၈၂ ရာသီတွင် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား ဆွတ်ခူးခဲ့ပါတယ်။
သူဟာ ၁၉၈၂ ခုနှစ်တွင် နယူးကာဆယ်သို့ ပြောင်းပြီးနောက် ၂ ရာသီကစားပြီးချိန်တွင် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
သူဟာ အင်္ဂလန်အသင်းအတွက် ၆၃ ပွဲကစားခဲ့ရာတွင် ၂၁ ဂိုးသွင်းခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ၃၁ ပွဲ ကစားခဲ့ပါတယ်။
သူဟာ ၁၉၉၂ ခုနှစ်တွင် နယူးကာဆယ်ဖြစ်လာပြီးနောက် ဒုတိယချန်ပီယံအဖြစ် ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်အောင် ဦးဆောင်ခဲ့ပါတယ်။
တိုက်စစ်အသားပေးကစားဟန်ဖြင့် နာမည်ကြီးတဲ့ ကီဗင်ကီးဂန်းဟာ ၁၉၉၇ ခုနှစ်တွင် နယူးကာဆယ်နည်းပြရာထူးမှ ထွက်ခွာပြီး ဖူလ်ဟမ်ကို တစ်နှစ်ကြာ ကိုင်တွယ်ခဲ့ပါတယ်။
သူဟာ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလတွင် အင်္ဂလန်နည်းပြဖြစ်လာကာ ၂၀၀၀ ခုနစ် အောက်တိုဘာလတွင် ဂျာမနီအား ၁-၀ ဂိုးဖြင့် ၂၀၀၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ထွက်ခွာခဲ့ပါတယ်။
သူဟာ ကလပ်နည်းပြလောကသို့ ပြန်လာပြီး မန်စီးတီးအား ၄ ရာသီကိုင်တွယ်ခဲ့သလို ၂၀၀၈ ခုနှစ်တွင် နယူးကာဆယ်အား ၈ လကိုင်တွယ်ခဲ့ပါတယ်။

image