ထိုင်းနိုင်ငံ ဖူးခက်၌ လောင်စာဆီအပြည့် ဖြည့် ထားသော စပိဘုတ်အစင်း ၂၀ မီးလောင်ပျက်စီး

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ကျွန်း ချာလောင်ဆိပ်ကမ်း၌ လောင်စာဆီအပြည့်ဖြည့်ထားသော စပိဘုတ်အစင်း ၂၀ ဇန်နဝါရီ ၇ ရက် နံနက်တွင်မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။
အဆိုပါမီးလောင်မှုသည် စပိဘုတ်တစ်စင်းပေါ်တွင် စတင်ခဲ့ပြီးလေတိုက်အား ပြင်းထန်မှုကြောင့်အနီးအနားရှိ စပိဘုတ်များကိုပါကူးစက်လောင်ကျွမ်းခဲ့ကြောင်း ဖူးခက်ပြည်နယ်အုပ်ချုပ်ရေးမှူးက ထုတ်ဖော်ပြောကြားထားသည်။
စပိဘုတ်များ မီးလောင်မှုကြောင့် လူသူအထိအခိုက်မရှိခဲ့ဘဲလောင်စာဆီများပင်လယ်ရေပြင်အတွင်းသို့ ယိုစိမ့်မှုကို ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများကို ညွှန်ကြား ထားကြောင်း ဖူးခက်ကျွန်းအုပ်ချုပ်ရေးမှူး ပွန်ဆစ်သီသာဝန်ကပြောကြားထားသည်။
လက်ရှိအချိန်တွင် ချာလောင်းဆိပ်ကမ်း စပိဘုတ်များ မီးလောင်ကျွမ်းရခြင်း အကြောင်းတရားကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
စပိဘုတ်များမှာ တန်ဖိုးကြီးရေယာဉ်များဖြစ်ကြရာမီးလောင်ကျွမ်းမှုကြောင့် အဆုံးအရှုံးတန်ဖိုး ဘတ်ငွေသန်းပေါင်းများစွာ ရှိနိုင်ကြောင်း သိရသည်။ဆိပ်ခံတံတား၏ အနေအထားနှင့် လေပြင်းထန်မှုတို့ကြောင့် စပိဘုတ်များမီးလောင်ကျွမ်းမှုကို မီးသတ်သမားများက ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရသည်။

image