တစ်နှစ်အတွင်း စားသုံးသူများတိုင်ကြားမှု (၂၀၀)ကျော်ရှိ
------------------

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ စားသုံးသူတွေရဲ့တိုင်ကြားတဲ့အမှုပေါင်း (၂၈၅)မှုရှိပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတွေက တိုင်ကြားမှု အများဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောပါတယ်။
ဇန်နဝါရီလ(၆)ရက်က ကျင်းပတဲ့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ တိုင်ကြားမှုတွေထဲမှာ ဆက်သွယ်ရေးဝန်ဆောင်မှုနဲ့ အီလက်ထရောနစ် ကူးသန်းရောင်းဝယ် ရေးဝန်ဆောင်မှုတွေ ကို တိုင်ကြားမှုက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက တင်ပြလာတဲ့ သူတို့ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ နေတဲ့ ကုန်စည်တွေမှာ မြန်မာဘာသာနဲ့ ကုန်အညွှန်းအမှတ်အသားဖော်ပြရာမှာ ညွှန်ကြားချက်နဲ့ ကိုက်ညီမှု ရှိ မရှိ စိစစ်မှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။
အဲဒီလိုလုပ်ဆောင်ရာမှာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ကုန်စည် စုစုပေါင်း ၂၀၁၅၅ မျိုးကို စိစစ်ဆောင်ရွက် ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ဈေးကွက်စောင့်ကြည့်ရေးစစ်ဆေးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စားသုံးသူကာကွယ်ရေးဥပဒေနဲ့အညီ စစ်ဆေးရေး အရာရှိ ငါးရာကျော်ကို ခန့်အပ်ထားတယ်လို့ သိရပါတယ်။

image