အန်နရီကေး PSG အသင်းနဲ့ သက်တမ်းမတိုးတော့ဘဲ လာမယ့်နွေရာသီမှာ မန်ယူအသင်းကို ရောက်ရှိလာနိုင်ကြောင်း ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာ

PSG အသင်းရဲ့နည်းပြ အန်နရီကေးဟာ အသင်းနဲ့ သက်တမ်းမတိုးတော့ဘဲ လာမယ့်နွေရာသီမှာ မန်ယူအသင်းကို ရောက်ရှိလာနိုင်ကြောင်း ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာပါတယ်။
အန်နရီကေးဟာ PSG အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ဖို့ ဆန္ဒရှိနေတာကြောင့် လာမယ့်နွေရာသီမှာပဲ PSG က ထွက်ခွာတော့မယ်လို့ ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့ကြောင်း သိရပါတယ်။
ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်နည်းပြဟောင်း အန်နရီကေးဟာ PSG အသင်းကို သမိုင်းဝင်အောင်ပွဲတွေ ရယူပေးနိုင်ခဲ့တာကြောင့် အသင်းရဲ့ တာဝန်ရှိသူတွေက တစ်သက်တာစာချုပ်နဲ့ သက်တမ်းတိုးဖို့ စီစဉ်နေကြောင်း သတင်းထွက်ခဲ့ဖူးပေမဲ့ လက်ရှိအချိန်မှာတော့ လမ်းခွဲတော့မယ်လို့ ထင်ကြေးပေးလာကြတာဖြစ်ပါတယ်။
မန်ယူအသင်းက ဒီရာသီ လက်ကျန်ပွဲတွေမှာ ကစားသမားဟောင်းတစ်ဦးဦးကို ယာယီနည်းပြအဖြစ် တာဝန်ပေးပြီး လာမယ့်နွေရာသီမှာမှ နည်းပြသစ် ခန့်အပ်ဖို့ စီစဉ်နေတာကြောင့် အန်နရီကေး ရောက်လာနိုင်ကြောင်း ထင်ကြေးပေးနေကြခြင်းလည်း ဖြစ်ပါတယ်။
အစောပိုင်းတုန်းက လာမယ့်နွေရာသီမှာ မန်ယူအသင်းရဲ့ နည်းပြသစ်ဖြစ်လာနိုင်သူအဖြစ် ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စ်နာက ရေပန်းစားနေခဲ့တာပါ။
အန်နရီကေးဟာ ၂၀၂၂ ခုနှစ်တုန်းက စပိန်လက်ရွေးစင်နည်းပြအဖြစ် ရှိနေချိန်မှာ မန်ယူအသင်းက နည်းပြအဖြစ် ခန့်အပ်ဖို့ ချိန်ရွယ်ခဲ့ဖူးကြောင်းလည်း သိရပါတယ်။

image