ယာယီနည်းပြရာထူးအတွက် ဆိုးလ်ရှားနှင့် ကာရစ်တို့အား အင်တာဗျူးလာမယ့် ယူနိုက်တက်
====================

မိုက်ကယ်ကာရစ်နှင့် အိုလီဂန်းနားဆိုးလ်ရှားတို့ဟာ ရာသီအကုန်အထိ ယူနိုက်တက်ယာယီနည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် ထိပ်ဆုံးမှ ရေပန်းစားလာနေပါတယ်။
ယူနိုက်တက်တွင် ကစားသမားအဖြစ်ရော နည်းပြအဖြစ်ပါ ကျင်လည်ခဲ့ကြဖူးတဲ့ ကာရစ်နှင့် ဆိုးလ်ရှားတို့ဟာ ကလပ်ခေါင်းဆောင်ပိုင်းများနှင့် တွေ့ဆုံ အင်တာဗျူးမှု ပြုလုပ်လာကြပါမယ်။
၎င်းတို့ နှစ်ဦးဟာ ယူနိုက်တက်နည်းပြအဖြစ် အတူတကွ တာဝန်ထမ်းဆောင်ဖူးကြသူများလည်း ဖြစ်ပါတယ်။ ကာရစ်ဟာ ၂၀၁၈ ခုနှစ်တုန်းက မော်ရင်ဟို ထုတ်ပယ်ခံရချိန်တွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရတဲ့ ဆိုးလ်ရှားလက်အောက် နည်းပြအဖဲ့တွင် တာဝန်ထမ်းဆောင်ဖူးပါတယ်။
လက်ရှိ ယူနိုက်တက်ယာယီနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒါရင်းဖလက်ချာမှာ အစောပိုင်းတုန်းက ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ဆောင်ရွက်မယ့် စာရင်းတွင် ပါဝင်ခဲ့ပေမယ့်လည်း ယခုအခါ ယာယီနည်းပြခန့်အပ်တဲ့အချိန်အထိသာ တာဝန်ထမ်းဆောင်လာတော့မှာ ဖြစ်ပါတယ်။
အလယ်တန်းကစားသမားဟောင်းဟာ ယနေ့ည ဘန်လေနှင့် ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ကြီးကြပ်လာမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ မိုက်ကယ်ကာရစ်နှင့် အိုလီဂန်းနားဆိုးလ်ရှားတို့အား ခန့်အပ်ရေး အင်တာဗျူးမှု အဆင်မပြေပါက ကစားသမားဟောင်းတစ်ဦးပင် ဖြစ်တဲ့ နစ္စတယ်ရွိုင်းကိုလည်း အင်တာဗျူးလာဖို့ ရှိပါတယ်။
ယူနိုက်တက်ဟာ ရာသီအကုန်အထိ ယာယီနည်းပြခန့်အပ်ပြီးနောက် နွေရာသီတွင်မှ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေး ဆုံးဖြတ်လာမှာလည်း ဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ ၂၀၁၈ ခုနှစ်တုန်းက မော်ရင်ဟို ထုတ်ပယ်ခံရစဉ်တုန်းက ယူနိုက်တက်ကို ယာယီနည်းပြအဖြစ် ရောက်လာပြီးနောက် ရာသီအကုန်တွင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
မိက်ကယ်ကာရစ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက ဆိုးလ်ရှားထုတ်ပယ်ခံလာရချိန်တွင် ယာယီနည်းပြအဖြစ် ယူနိုက်တက်အား ၃ ပွဲ ကိုင်တွယ်ဖူးပါတယ်။
သူဟာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အား ၂ နှစ်ခွဲကြာ ကိုင်တွယ်ပြီးနောက် ဇွန်လတုန်းက ထတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဆိုးလ်ရှားမှာလည်း ဩဂုတ်လတုန်းက တူရကီထိပ်သီး ဘီဆစ်တပ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အမြဲတမ်းနည်းပြရာထူးအတွက် ခရစ္စတယ်ပဲလေ့စ်နည်းပြအိုလီဗာဂလပ်စ်နာနှင့် မာဆေးနည်းပြရောဘတ်တိုဒီဇာဘီတို့အား လျာထားပါတယ်။

image