မအူပင်မှာ စက်သုံးဆီဆိုင် မီးလောင်လို့ တယောက်သေပြီး ငါးယောက် စိုးရိမ်ရ
ဧရာဝတီတိုင်း ၊ မအူပင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ (၇)လမ်းက စက်သုံးဆီ အရောင်းဆိုင် တခုမှာ ဒီကနေ့ ဇန်နဝါရီ ၆ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်က မီးလောင်မှု ဖြစ်ပွားပြီး တယောက် သေဆုံးကာ နောက်ထပ် ငါးယောက် လည်း ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှု အတွင်း ထိခိုက်ဒဏ်ရာ ရရှိသူ ငါးယောက်က အမျိုးသမီး တယောက်နဲ့ အမျိုးသား လေးယောက် ဖြစ်ပြီး မီးလောင်ဒဏ်ရာ ပြင်းထန်တဲ့အတွက် မအူပင်ဆေးရုံမှာ အတွင်းလူနာ အဖြစ် အရေးပေါ် ကူသမှု ခံယူနေရတယ်လို့ သိရပါတယ်။
" မီးလောင်မှု ဖြစ်စဥ်က ဓာတ်ဆီ ပေပါထဲကနေ ဆီလှယ်ရင်း ပွတ်တိုက်မှု ဖြစ်ပြီး မီးစတင်လောင် တာပါ။ ဒဏ်ရာတွေက အကုန်လုံး မီးလောင်ဒဏ်ရာတွေနဲ့ ချည်းပဲ ။ဒဏ်ရာပြင်းထန် တယ် ။ အတွင်းလူနာနဲ့ ကုနေတုန်းပဲ ။စက်သုံးဆီ ဆိုင်ဆိုတော့ မီးအားပြင်းတယ်။ ကျွန်တော်တို့ ရောက်တော့ မီးက တအားပြင်းနေပြီ။ အထဲမှာ ဆီသိုလှောင်ကန် နှစ်ကန်လည်း အတွင်းထဲထိ ဝင်ငြှိမ်းရမယ်။ အနီးကပ် ဝင်ငြှိမ်းရတော့ ဘေးတွေတော့ မကူးခဲ့ပါဘူး ။ " လို့ မအူပင်မြို့နယ် မီးသတ်ဦးစီး ဌာနမှူးက ပြောပါတယ်။
မီးလောင်မှုအတွင်း သေဆုံးသူက အမျိုးသား တယောက်ဖြစ်ပြီး စက်သုံးဆီ အရောင်းဆိုင်မှာ ဓာတ်ဆီ လာဝယ်သူ ဖြစ်ကြောင်း ၊ ထိခိုက်ဒဏ်ရာရရှိ သူတွေကတော့ ဆီဆိုင်က အရောင်းဝန်ထမ်း တွေ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်မှုကိုတော့ မအူပင် မြို့နယ် မီးသတ် စခန်းမှ မီးသတ်ယာဉ်(၅)စီး ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ခဲ့တာ ဖြစ်ပြီး မီးငြိမ်းသတ်ချိန် ၁၅ မိနစ်ကျော်လောက်သာ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။