ဂရင်းလန်းကို ရယူဖို့ စစ်ရေးအပါအဝင် နည်းလမ်းတွေကို ဒေါ်နယ်ထရန့် ဆွေးနွေးနေ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ဂရင်းလန်းကို ရယူဖို့အတွက် စစ်ရေးအပါအဝင် အခြားရွေးချယ်စရာနည်းလမ်းတွေကို ဆွေးနွေးနေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
နေတိုးအဖွဲ့ဝင် ဒိန်းမတ်နိုင်ငံရဲ့ တစိတ်တပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဂရင်းလန်းကို ရယူတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးဦးစားပေး ဖြစ်တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။
ဥရောပခေါင်းဆောင်တွေကတော့ အာတိတ်ဒေသရှိ အဲဒီကျွန်းအရေးနဲ့ပတ်သက်ပြီး ဒိန်းမတ်နိုင်ငံကို ထောက်ခံကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာ အိမ်ဖြူတော်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။
ထရမ့်က အမေရိကန်သည် လုံခြုံရေးအကြောင်းပြချက်များကြောင့် ဂရင်းလန်းကို "လိုအပ်သည်" ဟု ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင် ထပ်မံပြောကြားခဲ့ပြီး ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆန်က အမေရိကန်၏ မည်သည့်တိုက်ခိုက်မှုမဆို နေတိုး၏ အဆုံးသတ်ကို ဖော်ပြလိမ့်မည်ဟု သတိပေးခဲ့သည်။
"သမ္မတနဲ့ သူ့ရဲ့ အဖွဲ့ဟာ ဒီလိုအရေးကြီးတဲ့ နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်အတွက် ရွေးချယ်စရာများစွာကို ဆွေးနွေးနေပြီး အမေရိကန်စစ်တပ်ကို အသုံးပြုတာဟာလည်း စစ်ဦးစီးချုပ်ရဲ့ ရွေးချယ်မှုတခုဖြစ်ပါတယ် "လို့ အိမ်ဖြူတော်က ဆိုပါတယ်။
နေတိုးဟာ အတ္တလန္တိတ်ဖြတ်ကျော် စစ်ရေးမဟာမိတ်အဖွဲ့တခုဖြစ်ပြီး ပြင်ပတိုက်ခိုက်မှုတွေ ကြုံတွေ့ရပါက မဟာမိတ်တွေအနေနဲ့ အချင်းချင်း ကူညီရမှာဖြစ်ပါတယ်။ အင်္ဂါနေ့မှတော့ ဥရောပမဟာမိတ်ခြောက်နိုင်ငံဟာ ဒိန်းမတ်ဘက်ကနေ ထောက်ခံတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
"ဂရင်းလန်းဟာ ဂရင်းလန်းပြည်သူပိုင်ဖြစ်ပြီး ဒိန်းမတ်နဲ့ ဂရင်းလန်းသာ သူတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆုံးဖြတ်နိုင်တယ် "လို့ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်နဲ့ ဒိန်းမတ်ခေါင်းဆောင်တွေက ပူးတွဲကြေညာချက်မှာ ပြောပါတယ်။
ဗင်နီဇွဲလားမှာ အမေရိကန်စစ်တပ်က စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး သမ္မတ နီကိုးလပ်စ်မာဒူရိုကို ဖမ်းဆီးပြီးနောက် ရက်ပိုင်းအကြာမှာ ဂရင်းလန်းအရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ်တို့ သံတမန်ရေး တင်းမာမှု ဆက်လက်ဖြစ်ပေါ်နေခဲ့တာဖြစ်ပါတယ်။