ရေနံစည်ပေါင်း၅၀သန်းအထိရမည့် အစီအစဉ်ကို ထရမ့်ပ်က ကြွားဝါ
ဇန်နဝါရီလ ၇
ဗင်နီဇွဲလားနိုင်ငံရှိ ပိ-တ်ဆို့အရေးယူခံထားရသော ရေနံစည်ပေါင်း ၃၀ သန်းမှ ၅၀ သန်းအကြားကို အမေရိကသို့ လွှဲပြောင်းပေးအပ်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာခဲ့ပါသည်။
"ဒီရေနံတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းမှာပါ။ အဲဒီငွေတွေကို အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအနေနဲ့ ကျွန်ုပ်က ထိန်းချုပ်သွားမှာပါ။ ဒါကို ဗင်နီဇွဲလားပြည်သူတွေနဲ့ အမေရိကန်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အသုံးပြုသွားမှာပါ" ဟု ထရမ့်ပ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
၎င်းသည် အဆိုပါ အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ ဗင်နီဇွဲလားတာဝန်ရှိသူများဘက်ကလည်း ချက်ချင်းတုံ့ပြန်ပြောဆိုခြင်း မရှိသေးကြောင်းသိရသည်။
ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းကို အမေရိက က ထိန်းချုပ်ရန်နှင့် အမေရိကန် ရေနံကုမ္ပဏီများမှတစ်ဆင့် ပြန်လည်အသက်သွင်းရန် အစီအစဉ်ရှိကြောင်း ထရမ့်ပ်ကပြောကြားခဲ့သော်လည်း ပညာရှင်များကမူ ဗင်နီဇွဲလား၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦးများကို ပြန်လည်ပြုပြင်ရန်အတွက် အလွန်များပြားသော ရင်းနှီးမြှုပ်နှံမှုများ လိုအပ်မည်ဖြစ်ကြောင်း ထောက်ပြထားကြောင်း သိရှိရပါသည်။
Ref : ဒီဒဗ္ဗလျူ