စနေနေ့မတိုင်မီ ဆီမန်ယိုရဲ့ မန်စီးတီး အပြောင်းအရွှေ့ အပြီးသတ်လာမည်
==================
အန်တိုနီဆီမန်ယိုဟာ မန်စီးတီးသို့ ပြောင်းရေး ဆေးစစ်ဆေးမှု ပြုလုပ်လာတော့မှာ ဖြစ်ပြီး အပြောင်းအရွှေ့မှာ စနေနေ့မတိုင်မီ အပြီးသတ်လာမယ်လို့ ယုံကြည်ရပါတယ်။
မန်စီးတီးဟာ ဆီမန်ယိုကို စာချုပ်ပါအချက်အတိုင်း ပေါင် ၆၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ ဆီမန်ယိုမှာ ဇန်နဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထားကာ ပေါင် ၆၅ သန်းဖြင့် အသင်းပြောင်းနိုင်တဲ့အချက်အား စာချုပ်အတွင်းတွင် ထည့်သွင်းချုပ်ဆိုထားသူ ဖြစ်ပါတယ်။
ဘုန်းမောက်တောင်ပံကစားသမားဟာ ယနေ့ည စပါးစ်နှင့်ပွဲစဉ်တွင် ပါဝင်ကစားပြီးပါက မန်စီးတီးသို့ ပြောင်းရေး ဆေးစစ်ဆေးမှု ပြုလုပ်လာမှာလည်း ဖြစ်ပါတယ်။
သူဟာ ချဲလ်ဆီး၊ ယူနိုက်တက်၊ လီဗာပူး၊ စပါးစ်တို့ရဲ့ စိတ်ဝင်စားခြင်းခံရပေမယ့်လည်း မန်စီးတီးသို့ ပြောင်းရန် ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘုန်းမောက်နည်းပြအန်ဒိုနီအိုင်ရာအိုလာက "သူ့ရဲ့ နောက်ဆုံးပွဲ(စပါးစ်)ဖြစ်နိုင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ကိုယ်ပိုင်အမြင်ပါ။ ဒါပေမယ့် ဘာသဘာတူညီမှုမှ မရပါဘူး။ စာချုပ်လည်း မချုပ်ရသေးပါဘူး။ ဈေးကွက်နားလည်တယ်။ ပြီးတော့ ဆူလည်း ဆူညံတယ်။ ဒါပေမယ့် အခုအချိန်အထိ ဘာသဘောတူညီမှုမှ မရှိသေးပါဘူး။ အခု သူက ကျွန်တော်တို့ရဲ့ ကစားသမားပါ။ ဆက်ရှိနေဖို့မျှော်လင့်တယ်"လို့ ပြောကြားသွားပါတယ်။
ဆီမန်ယိုဟာ ယခုရာသီတွင် ဘုန်းမောက်အတွက် ၉ ဂိုးသွင်းကာ ၃ ကြိမ် ဖန်တီးမှု ပြုလုပ်ထားသူ ဖြစ်ပါတယ်။
ဒါ့အပြင် အိုင်ရာအိုလာက ဆီမန်ယို နေရာတွင် အစားထိုးရန် မဖြစ်နိုင်ကြောင်းလည်း ပြောကြားသွားပါတယ်။