လီဗာပူးနှင့်ပွဲစဉ်မှ ဖလိုရီယန်ဝါ့ဇ်ရဲ့ အငြင်းပွားဖွယ်ဂိုးအတွက် PGMOL ကို ဆက်သွယ်ထားတဲ့ ဖူလ်ဟမ်
======================

ဖူလ်ဟမ်နည်းပြမာကိုဆေးလ်ဗားက တနင်္ဂနွေနေ့တုန်းက လီဗာပူးနှင့်ပွဲစဉ်မှ ဖလိုရီယန်ဝါ့ဇ်ရဲ့ အငြင်းပွားဖွယ်ဂိုးနှင့်ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်ဘောလုံးပွဲဒိုင်အဖွဲ့ချုပ် (PGMOL) နှင့် ဆက်သွယ်မှု ပြုလုပ်ထားကြောင်း ပြောကြားလာပါတယ်။

ဂျာမနီအလယ်တန်းတိုက်စစ်သမားဟာ ပွဲချိန် ၅၇ မိနစ်တွင် လီဗာပူးအတွက် ဂိုးသွင်းခဲ့ပြီး စည်းကြပ်ဒိုင်က လူကျွံအလံထောင်ထားခဲ့ပါတယ်။

ကစားသမားကိုယ်တိုင်ကလည်း လူကျွံတယ်လို့ ယူဆထားမှုနှင့်အတူ ဂိုးသွင်းနိုင်ခဲ့ပေမယ့် အောင်ပွဲခံခဲ့ခြင်း မရှိပါဘူး။

အနှေးပြကွက်များအရလည်း လီဗာပူးစတားမှာ လူကျွံတယ်လို့ ယူဆရပေမယ့်လည်း VAR က ဂိုးကို ခွင့်ပြုခဲ့ပါတယ်။

ယင်းပွဲမှာ ၂ ဂိုးစီသရေဖြင့် ပြီးဆုံးသွားခဲ့ပြီး မာကိုဆေးလ်ဗားက ဖလိုရီယန်ဝါ့ဇ်ရဲ့ ဂိုးမှာ ရှင်းလင်းတဲ့ လူကျွံဘောဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယခုအခါ ဆေးလ်ဗားက "ကလပ်ဘက်က (PGMOL)ဆက်သွယ်ဖို့ ကြိုးစားနေတယ်။ အခုအချိန်အထိ အကြောင်းပြန်မရသေးဘူး"လို့ ပြောကြားသွားပါတယ်။

လက်ရှိအနေအထားအရ ဖူလ်ဟမ်မှ တာဝန်ရှိသူများဟာ နောက်ပိုင်းတွင် PGMOL မှ တာဝန်ရှိသူများနှင့် စကားပြောဆွေးနွေးမှု ပြုလုပ်လာဖို့ ရှိနေပါတယ်။

ဆက်လက်ပြီး ဆေးလ်ဗားက "အခုအချိန်အထိတော့ ပရီးမီးယားလိဂ်နဲ့ PGMOL ဆီက အသံစောင့်နေတုန်းပါ။ ဒါက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ကျွန်တော့်အတွက်သာ မဟုတ်ပါဘူး။ ဝန်ထမ်းတွေ၊ ကျွန်တော်တို့ကလပ်နဲ့ ကစားသမားအားလုံးအတွက် အရေးကြီးပါတယ်။ ပရီးမီးယားလိဂ်ကလပ်တိုင်းကို မေးကြည့်လိုက်ပါ။ အဖြေတစ်ခုတည်းပဲ ထွက်ပါလိမ့်မယ်။ ဘောလုံးကို ချစ်တဲ့သူတိုင်းလည်း ကျွန်တော့်လိုပဲ မြင်ပါလိမ့်မယ်"လို့ ပြောကြားသွားပါတယ်။