YBS 65 ဘရိတ်ပေါက်ပြီး လမ်းဘေးဆိုင်များကိုဝင်တိုက်၊ တစ်ဦးသေဆုံး

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ ယနေ့(ဇန်နဝါရီ ၅ ရက်) နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က YBS 65 ယာဉ် သည် အင်းစိန်ခုံးတံတားအောက်ရှိလမ်းဘေးဆိုင်များနှင့် လမ်းသွားလမ်းလာတစ်ဦးအားဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး လမ်းသွားလမ်းလာတစ်ဦးသေဆုံးကြောင်း ကနောင်နာရေး/ရှင်ရေးကူညီမှုအသင်း (အင်းစိန်) ထံမှသိရသည်။
YBS ၆၅ ယာဉ်သည် ဗဟိုလမ်းဘက်မှအင်းစိန်ဖော့ကန်ဘက်သို့မောင်းနှင်လာစဉ် အင်းစိန်ခုံးတံတား အောက်အရောက်တွင် ဘရိတ်ပေါက်သွားသည့်အတွက် ညာဖက်လမ်းဘေးသို့ဆွဲချခဲ့ရာ လမ်းဘေးရှိ စျေးဆိုင်များကိုတိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ထမင်းစားရန်ထွက်လာသည့်အသက် (၄၅)နှစ် ကျော် အမျိုးသားတစ်ဦးကိုပါတိုက်မိခဲ့ပြီး ယင်းအမျိုးသားမှာ သေဆုံးခဲ့ကြောင်းသိရသည်။
"စျေးဆိုင်ခန်းနှစ်ဆိုင်၊ သုံးဆိုင်လောင်ပျက်စီးသွားတယ်။ စျေးဆိုင်ထဲမှာလူတွေမရှိတော့ဘာမှမဖြစ် ကြပါဘူး။ ဒဏ်ရာရတဲ့သူလည်းမရှိပါဘူး အမျိုးသားတစ်ဦးက ထမင်းထွက်စားတာ ကားကနောက်က နေဝင်တိုက်လိုက်တာ နေရာမှာပဲသေဆုံးသွားတယ်။ အခု YBS ၆၅ ခရီးသည်တင် ယာဉ်မောင်းကိုဖမ်းမိ ထားပါတယ်" ဟု ကနောင်နာရေး/ရှင်ရေးကူညီမှုအသင်း(အင်းစိန်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့်အမျိုးသားကို ကနောင်နာရေး/ရှင်ရေးကူညီမှုအသင်း(အင်းစိန်)မှ အင်းစိန်ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။