လွှတ်တော်အမတ်လောင်းများ အချိန်မီ ကုန်ကျစရိတ်တင်ရန် အသိပေး
-------------------------

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ကုန်ကျစရိတ်စာရင်းတွေကို သတ်မှတ်ရက်အတွင်း အချိန်မီ တင်သွင်းဖို့ နဲ့ ပျက်ကွက်ရင် အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာခံရမှာကို သတိချပ်စေလိုတယ်လို့ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောပါတယ်။
ဇန်နဝါရီ ၅ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
ဒါ့အပြင် မဲဆွယ်စည်းရုံးရေးတွေ ဆက်လက်ဆောင်ရွက်ရာမှာ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ဥပဒေ၊ စည်းကမ်းတွေနဲ့ အညီ စနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း ပြောကြားလိုပြီး ပြိုင်ဘက်ပါတီတွေ၊ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတွေကို စော်ကားပုတ်ခတ်ပြီး ပြောဆိုစည်းရုံးတာဟာ ရာဇဝတ်ကြောင်းအရ ပြစ်မှု မြောက် နိုင်သလို ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုလည်း မြောက်နိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောပါတယ်။
တစ်ဖက်ပါတီကို နှိမ့်ချပုတ်ခတ်ပြောဆို စည်းရုံးတာဟာ ကျင့်ဝတ်သိက္ခာမဲ့တဲ့ လုပ်ဆောင်ချက်အဖြစ် မှတ်ယူရမှာ ဖြစ်ပြီး ရွေးကောက်ပွဲ နဲ့ ပါတီရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကြိုတင်ဆန္ဒမဲပေးတာ၊ ရေတွက်တာ၊ ဆန္ဒမဲစာရင်းတွေ ပြုစုတာနဲ့ ကပ်ထားကြေညာခြင်းဆိုင်ရာ လုပ်ငန်းစဉ် တွေကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ၊ အသိသက်သေတွေနဲ့ အများပြည်သူတွေကို ဖိတ်ကြားပြီး ပွင့်လင်း မြင်သာစွာနဲ့ တိကျမှန်ကန်စွာ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောပါတယ်။
ဒါ့အပြင် ကော်မရှင်အနေနဲ့လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မှန်မှန်ကန်ကန်၊ ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ဆက်လက် ဆောင် ရွက်သွားမှာဖြစ်ပြီး ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲကတစ်ဆင့် ဂုဏ်သိက္ခာရှိတဲ့ လွှတ်တော်အသီးသီး ဖွဲ့စည်း နိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောကြားခဲ့ပါတယ်။