အသုံးစရိတ်ချွေတာလျှော့ချလာခဲ့ပေမယ့်လည်း ရူဘင်အမိုရမ်အား ၁၄ လအကြာတွင် ထုတ်ပယ်လိုက်မှုအတွက် ပေါင်သန်း ၃၀ ကုန်ကျလာမယ့် ယူနိုက်တက်
======================

ယူနိုက်တက်ဟာ အသုံးစရိတ်ချွေတာမှုများစွာ ပြုလုပ်ခဲ့ပေမယ့်လည်း ၁၄ လကြာ တာဝန်ထမ်းဆောင်အပြီးတွင် ရူဘင်အမိုရမ်အား ထုတ်ပယ်လိုက်မှုနှင့်အတူ ပေါင်သန်း ၃၀ အထိ ကုန်ကျလာတော့မှာ ဖြစ်ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြဟာ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပေမယ့်လည်း ချီရှိုင်းယားအနီး ငှားရမ်းနေထိုင်နေတဲ့ အိမ်အနီးတွင် ဇနီးသည်နှင့်အတူ ပျော်ရွှင်စွာ လမ်းလျှောက်နေခဲ့တာ တွေ့ရပါတယ်။
အသက် ၄၀ နှစ်ရှိ အမိုရမ်ဟာ ယူနိုက်တက်တွင် ၁၄ လကြာ တာဝန်ထမ်းဆောင်စဉ်အတွင်း လုပ်ခ ပေါင် ၇.၅ သန်းဝန်းကျင် ရရှိထားပြီးဖြစ်ကာ လက်ကျန်စာချုပ်အတွက် နစ်နာကြေးပေါင် ၁၂ သန်းဝန်းကျင် ရရှိလာဦးမှာလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း အမိုရမ်ဟာ ယူနိုက်တက်မှာ ၁၄ လကြာ တာဝန်ထမ်းဆောင်မှုအတွက် ပေါင်သန်း ၂၀ ဝန်းကျင် ရရှိလာမှာလည်း ဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး။ ယူနိုက်တက်ဟာ အမိုရမ်အား ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းက ခန့်အပ်နိုင်ရန်အတွက် စပို့တင်းလစ္စဘွန်းကို နစ်နာကြေး ပေါင် ၉.၂၅ သန်းပေးခဲ့ရာ စုစုပေါင်း ပေါင်သန်း ၃၀ ဝန်းကျင်သုံးစွဲလာရပါမယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ အမိုရမ်ရဲ့ လက်ထောက်နည်းပြ ၆ ဦးကိုလည်း လက်ကျန် စာချုပ်သက်တမ်းအတွက် နစ်နာကြေး ပေးရပါဦးမယ်။
ယူနိုက်တက်ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ဘောလုံးဆိုင်ရာစီမံခန့်ခွဲမှုများကို ဦးစီးပြီးနောက် အသုံးစရိတ်ချွေတာတဲ့အနေဖြင့် ဝန်ထမ်း ၄၀၀ ဦးဝန်းကျင်ကို ထုတ်ပယ်ခဲ့သလို အစားအသောက်အခမဲ့ကျွေးမွေးတဲ့ စနစ်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
ဒါ့အပြင် ခရစ္စမတ်ဘောနပ်စ် အပိုဆုကြေး ပေါင် ၁၀၀ ပေးမယ့်အစား ဈေးဝယ်ဘောင်ချာပေးကာ အသုံးစရိတ်ချွေတာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဆာဂျမ်ရက်ကလစ်ဖ်လက်ထက် အသုံးစရိတ်ချွေတာလျှော့ချမှုနှင့်အတူ ပထမ ၃ လတွင် ပေါင် ၁၃.၃ သန်းအထိ အမြတ်ပေါ်ခဲ့ပါတယ်။ ယင်းမတိုင်မီ တစ်နှစ်တုန်းက ယူနိုက်တက်ဟာ ပေါင် ၆.၉ သန်းအထိ အရှုံးပေါ်ခဲ့တာပါ။